ကျားဖြန့်လုပ်ငန်းက တရုတ်နိုင်ငံသား အယောက်တစ်ရာကျော်ကို ထပ်လွှဲ

RFA Burmese
2025.02.22
ကျားဖြန့်လုပ်ငန်းက တရုတ်နိုင်ငံသား အယောက်တစ်ရာကျော်ကို ထပ်လွှဲ မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းမှ တရုတ်နိုင်ငံသားများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းဘက်သို့ လွှဲပြောင်းပေးနေသည်ကို တွေ့ရစဉ်။
Citizen Photo

မြန်မာနိုင်ငံက ကျားဖြန့်အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ လုပ်ကိုင်တဲ့ တရုတ်လူမျိုး အယောက် တစ်ရာကျော်ကို ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာကနေ တတိယအသုတ်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။

ဒီတရုတ်နိုင်ငံသားတွေကို မြဝတီအားကစားရုံကနေ ကရင်နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးအဖွဲ့က မြဝတီ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂ ) ကို ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီမှာ အသင့်စောင့်နေတဲ့ ထိုင်းတာဝန်ရှိသူတွေက ပြန်လည်လွှဲပြောင်းပေးတဲ့ တရုတ်လူမျိုးတွေရဲ့ မှတ်တမ်းရယူပြီးမှ အမြန်ကား နှစ်စီးနဲ့ မဲဆောက်လေဆိပ်ကို ပို့ဆောင်ပါတယ်။

လေဆိပ်ရောက်တဲ့အခါ အသင့်စောင့်ဆိုင်းနေတဲ့ တရုတ်တာဝန်ရှိသူတွေက စာရင်းမှန်-မမှန်စစ်ဆေးပြီး လေယာဉ်ပေါ်ပို့ဆောင်ပါတယ်။

လေယာဉ်တစ်ခေါက်မှာ ပြန်လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား အယောက် ၅၀ စီတင်ဆောင်ပြီး တစ်ယောက်ကို အစောင့်နှစ်ယောက်က စောင့်ကြပ်ခေါ်ဆောင်တဲ့အတွက် လေယာဉ်တစ်ခေါက်မှာ လုံခြုံရေးအစောင့် ၁၀၀ လိုက်ပါတယ်လို့ RFA သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီလ ၂၀ ရက်က လေယာဉ်လေးခေါက်၊ ၂၁ ရက်က ခြောက်ခေါက်နဲ့ ၂၂ ရက်မှာ သုံးခေါက်ပို့ဆောင်ပါတယ်။ မြန်မာက တရုတ်လူမျိုး စုစုပေါင်း ၆၂၁ ယောက်လွှဲပြောင်းပေးထားပြီး တရုတ်နိုင်ငံကို ဆက်လက်လွှဲပြောင်းပေးရမယ့်သူတွေ မြဝတီအားကစားရုံမှာ ကျန်ရှိနေပါသေးတယ်။

ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်သူတွေလည်း ထပ်မံဖမ်းဆီးရရှိထားတယ်လို့ RFA သတင်းအရင်းအမြစ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။