နိုင်ငံ့ဧရိယာအများစုကို စစ်ကောင်စီလက်လွှတ်လိုက်ရကြောင်း အဖွဲ့နှစ်ဖွဲ့ပြော

တိုက်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ရှုံးနိမ့်တဲ့အတွက် စစ်တပ်ထိပ်ပိုင်းအလွှာမှာ မကျေနပ်မှုတွေများလာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့အနာဂတ် မသေချာဘဲဖြစ်နေတယ်လို့ဆိုပါတယ်။

၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့တွင်းသို့ သွားရောက်နေကြသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ Photo: AFP

အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံ ဧရိယာအများစုနဲ့ နယ်စပ်ဒေသအများစုကို ထိန်းချုပ်စိုးမိုးနိုင်စွမ်းမရှိတော့ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ထိန်းချုပ်ထားတဲ့ဒေသတွေမှာ ပိုပြီးအင်အားကြီးထွားလာနေတဲ့အကြောင်း မြန်မာ့အရေးလေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့နှစ်ဖွဲ့က မေ ၃ဝ ရက်နေ့က အစီရင်ခံစာတွေ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၆၇ ရာခိုင်နှုန်း နေထိုင်တဲ့ နိုင်ငံ့ဧရိယာ ၈၆ ရာခိုင်နှုန်းကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့အစိုးရတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်လောက်အောင် လုံလောက်တဲ့ နယ်မြေစိုးမိုးမှု မရှိတော့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာစစ်တပ်ဟာ ထင်ထားသလောက် အင်အားမရှိကြောင်း ပြသလိုက်တာဖြစ်ပြီး လက်ရှိ နိုင်ငံအနှံ့မှာ ကျန်ရှိနေတဲ့ တပ်စခန်းတွေမှာလည်း ခံစစ်အနေအထားနဲ့ စောင့်ကြည့်နေရတာလို့လည်း ဖော်ပြထားပါတယ်။

အလားတူပဲ နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG အစီရင်ခံစာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သက်ဆိုင်ရာဒေသတွေမှာ မြန်မာစစ်တပ်တပ်ဖွဲ့တွေကို အနိုင်ရပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ နိုင်ငံငယ်တွေအဖြစ် စတင်တည်ထောင်နေကြတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ တိုက်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ရှုံးနိမ့်တဲ့အတွက် နေပြည်တော်အခြေစိုက်တဲ့ စစ်တပ် ထိပ်ပိုင်းအလွှာမှာ မကျေနပ်မှုတွေများလာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အနာဂတ် မသေချာဘဲဖြစ်နေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ကို သစ္စာခံတဲ့ အကြီးတန်း စစ်ခေါင်းဆောင်တချို့ကိုလည်း စုစည်းထားနိုင်ပါတယ်လို့ ICG အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါကြောင့် စစ်ခေါင်းဆောင်ဟာ သူ့ရာထူးမှာ ဆက်ပြီး ချုပ်ကိုင်ထားနိုင်ပေမဲ့ သူ့အပေါ် မကျေနပ်မှုတွေများပြားနေတဲ့အတွက် ရာထူးက ဖယ်ရှားဖို့ ကြိုးပမ်းလာနိုင်ပါတယ်လို့ ICG က သုံးသပ်ထားပါတယ်။

မြန်မာစစ်တပ်ဟာ နယ်စပ်ဒေသတွေကို ထိန်းချုပ်စိုးမိုးနိုင်စွမ်းမရှိတော့တာနဲ့အမျှ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအနေနဲ့ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားသင့်တယ်လို့ ICG နဲ့ SAC-M နှစ်ဖွဲ့စလုံးက သုံးသပ်ထားပါတယ်။

လက်ရှိအချိန်မှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားဦးရေကလည်း သုံးသန်းကျော်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံက အခြေအနေမှန်ကို နားလည်သဘောပေါက်ဖို့လိုကြောင်း၊ တော်လှန်ရေး အင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး မြန်မာပြည်သူတွေကို အရေးကြီးတဲ့ အကူအညီအထောက်အပံ့တွေ အရေးပေါ်ပေးအပ်နိုင်ဖို့ လုပ်သင့်ကြောင်းလည်း SAC-M အဖွဲ့ တည်ထောင်သူ မစ္စ ယန်ဟီးလီက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org