အာဏာသိမ်းဆယ်လကျော်အတွင်း NLD အစိုးရအဖွဲ့ဝင် ၅၅ ဦး အဂတိမှုနဲ့ စွဲဆိုခံထားရ

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ ၁၀ လကျော်အတွင်း NLD ပါတီခေါင်းဆောင် တွေ အပါအဝင် NLD အစိုးရလက်ထက်က တာဝန်ယူခဲ့သူတွေ အဂတိမှုနဲ့ တရားစွဲဆိုခံနေရတာ ၅၅ ဦးအထိ ရှိပါတယ်။
သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ် ကိုးဦး၊ ပြည်ထောင်စုအဆင့်ဝန်ကြီး၊ ဒုဝန်ကြီး ရှစ်ဦး၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ တစ်ဦး၊ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး ၂၇ ဦးနဲ့ အခြားအဆင့် ရှစ်ဦး၊ စုစုပေါင်း ၅၅ ဦး တရားစွဲဆိုခံရတာပါ။
အဲဒီအထဲမှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌ(၂) ဒေါက်တာ ဇော်မြင့်မောင်၊ ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ရခိုင်ပြည်နယ်ကြီးချုပ် ဦးညီပု၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နဲ့ ထောင်ဒဏ်နှစ် ၈၀ ချမှတ်ခံထားရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တို့ဟာ ပါတီ အတွက်ရော NLD အစိုးရအဖွဲ့အတွက်ပါ အရေးပါသူတွေဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ဦးကျော်ထွေး ကတော့ ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို သိက္ခာချချင်တာနဲ့ မဲပေးရွေးချယ်ထားတဲ့ ပြည်သူတွေကို စော်ကား တဲ့လုပ်ရပ်ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
“သမ္မတကြီး ဦးဝင်းမြင့် တရားရုံးမှာ ပြောကြားခဲ့တာရှိပါတယ်။ တကယ် အပြစ်ကျူးလွန်ထားတာ တွေ့ရှိ တယ်ဆိုရင် အရင်ဆုံး တရားစွဲပြီးမှ ဖမ်းရမှာပါ။ အခုဟာက အရင်ဖမ်းထားပြီးမှ တရားစွဲတာတွေက နောက်မှ လိုက်လုပ်နေတယ်ဆိုကတည်းက မှားနေတယ်ဆိုတာပါပဲ။ သူတို့ထိန်းချုပ်ထားတဲ့ တရားရုံးတွေ ကနေပြီး စွဲချက်တွေတင် အရေးယူဖို့ ကြိုးစားနေတာတွေက တစ်ဖက်သတ်ဆန်လွန်းပါတယ်။ ယုတ္တိ မတန်ပါဘူး။ ပြီးတော့ အမှုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတွေကိုတောင်မှ ဝမ်းဖိုးဖိုးထုတ်ပြီး ကန့်သတ် တာမျိုးတွေလုပ်တာကို ကြည့်ချင်းအားဖြင့် မတရားစီရင်ရေးဖြစ်နေပါတယ်။ ဒါတမင်သက်သက် ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို သိက္ခာချချင်တာပါ။ တနည်းအာဖြင့်တော့ မဲပေး ရွေးချယ်ထားခဲ့တဲ့ ပြည်သူတွေကို စော်ကားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောချင်ပါတယ် ”
အဂတိမှုနဲ့ တရားစွဲခံရသူ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကတော့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာနက ဝန်ကြီး၊ ဒုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးဝင်းခိုင်၊ ဦးထွန်းနိုင်နဲ့ ဦးခင်မောင်ဝင်း တို့ ပါဝင်ပါတယ်။
သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ သုံးဦးဟာ NLD အစိုးရလက်ထက် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ် ငှားရမ်းအသုံး ပြုတာ၊ ရဟတ်ယာဉ်အသစ်တစ်စီး ဝယ်ယူတာတွေမှာ လုပ်ထုံးလုပ်နည်းနဲ့မညီလို့ နိုင်ငံတော်ဘဏ္ဍာ ထိခိုက်နစ်တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ စွဲဆိုခံထားရတာပါ။
လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဒေါက်တာ ဝင်းမြတ်အေး ကတော့ မတရားလုပ်ထားတာ တစ်ခုမှမရှိဘူးလို့ တုံ့ပြန်ပါတယ်။
“ကျနော်တို့ အမျိုးသားသဘာဝဘေးရန်ပုံငွေဆိုတာရှိတယ်။ ဒါဘေးသင့်တဲ့ပြည်သူတွေအတွက်ကို ကူညီ စောင့်ရှောက်ရမယ့် ရန်ပုံငွေအတိုင်းပဲ စနစ်တကျ ဒါကိုသုံးစွဲတယ်။ အဆင့်ဆင့်ကြီးကြပ်ပြီးတော့ ဒါကို ဆောင်ရွက်ခဲ့ကြတယ်။ သုံးသင့်တာကို ကျနော်တို့သုံးတယ်။ ဒါပေမဲ့ မလေမလွင့်အောင်လုပ်တဲ့အတွက် ကြောင့် လေးငါးနှစ်အတွင်းမှာ ရဟတ်ယာဉ် ဝယ်နိုင်လောက်တဲ့ပမာဏ စုဆောင်းရရှိတယ်။ စုဆောင်း ရရှိထားတဲ့ နိုင်ငံတော်ငွေနဲ့ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်ကို ဝယ်ယူတယ်။ ဒါလည်း ပြည်သူ့အတွက်ပဲ။ ပြည်သူ့အတွက်ကို စနစ်တကျဆောင်ရွက်တဲ့အတွက်ကြောင့် ပြည်သူအတွက် အကျိုးရှိသထက်ရှိအောင် ဆောင်ရွက်နိုင်မယ့် အခြေအနေတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့တာပဲဖြစ်တယ်။ အဲဒီအတွက်က ကျနော်တို့ အနေနဲ့ ဘာမှ မတရားလုပ်တာလည်းမရှိဘူး။ အပိုကုန်စရာ အကြောင်းလည်းမရှိဘူး။ အကျိုးရှိရှိ အသုံးချခဲ့တယ်”
စစ်တပ်ရဲ့ အာဏာသိမ်းမှုလုပ်ငန်းစဉ် သက်ဆိုးရှည်ဖို့အတွက် အမှုတွေဆင်နေတာလို့လည်း သူကဆိုပါတယ်။
"စုဆောင်းရရှိထားတဲ့ နိုင်ငံတော်ငွေနဲ့ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်ကို ဝယ်ယူတယ်။ ဒါလည်း ပြည်သူ့အတွက်ပဲ"
အာဏာသိမ်းစစ်ကောင်စီကတော့ NLD အစိုးရလက်ထက်မှာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မလုပ်ခဲ့တာ၊ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး မိမိကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခဲ့တာတွေကြောင့် နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်းဥစ္စာတွေ ထိခိုက်နစ်နာရတယ်လို့ အကြောင်းပြချက်တွေနဲ့ တရားစွဲဆို အရေးယူရတာလို့ စစ်ကောင်စီပိုင် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ NLD အစိုးရအဖွဲ့မှာ တာဝန်ယူခဲ့သူတိုင်းကို စွဲဆိုတာမျိုးမဟုတ်ဘဲ အဂတိမှုနဲ့ တကယ်ငြိစွန်းနေတဲ့သူတွေကိုပဲ အရေးယူတာလို့ RFA ကို ပြောပါတယ်။
“NLD အစိုးရလက်ထက်မှာ နိုင်ငံရေးရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေရှိတယ်။ တချို့လည်း အစိုးရအမှုထမ်း တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေရှိတယ်။ အခုချိန်မှာ အဂတိမှုနဲ့ တရားစွဲဆိုထားတဲ့ အရေ အတွက်သည် တာဝန်ထမ်းဆောင်တဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင်တော့ သိသာပါတယ်။ တချို့ တိုင်းဒေသ ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေလည်းပါတယ်။ တချို့တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေလည်း မပါတဲ့သူတွေလည်း တွေ့ရမှာလည်းဖြစ်တယ်။ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတိုင်းကို ကျနော်တို့ အရေး ယူနေတာ မဟုတ်ပါဘူး။ တာဝန်ထမ်းဆောင်တဲ့လူတွေထဲကမှ အဂတိမှုနဲ့ တကယ်ငြိစွန်းနေတဲ့လူတွေ၊ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားပြီး လုပ်ဆောင်ခဲ့တဲ့လူတွေကိုပဲ ကျနော်တို့က အမှုဖွင့် အရေးယူဆောင်ရွက်ရခြင်းဖြစ်ပါတယ်”
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးပေါ်ချက်တွေအရ အမှုထင်ရှားမှ တရားစွဲဆိုတာ လို့လည်း သူကဆိုပါတယ်။
ခုအမှုတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုဒ်မ - (၅၅) နဲ့ အများဆုံး အရေးယူထားတာတွေ့ရပြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၆ နဲ့ ပုဒ်မ - ၅၅၊ ၆၃ တို့နဲ့ အရေးယူထားတဲ့အမှုတချို့လည်း ရှိနေပါတယ်။
ဥပဒေပုဒ်မ - ၅၅ အရ ရာထူးလက်ရှိဖြစ်သူ ဒါမှမဟုတ် ရာထူးရယူခဲ့တုန်းက အဂတိလိုက်စားမှု ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားရင် (၁၅) နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်တယ်လို့ ရာဇသတ်ကြီးမှာ ဖော်ပြထားပါတယ်။
NLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့် ဟာဆိုရင် သူကိုစွဲထားတဲ့ အဂတိပုဒ်မ- ၅၅ အမှု ငါးမှုအတွက် တစ်မှုကို အမြင့်ဆုံးပြစ်ဒဏ် ၁၅ နှစ်စီ သီးခြားကျခံစေဖို့ အမိန့်ချမှတ်ခံရတာကြောင့် ပြစ်ဒဏ် ၇၅ နှစ်အထိ ချမှတ်ခံခဲ့ရသူပါ။
ဒါ့အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ခ)နဲ့ ၁၃၀ - က အမှုတွေအတွက် ထောင်ဒဏ်ငါးနှစ် ချမှတ် ခံထားရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၈၀ အထိ ချမှတ်ခံထားရပါတယ်။
ဒေါ်နန်းခင်ထွေးမြင့်ရဲ့ အမှုလိုက်ရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကတော့ အမှုတွေ အတွက် တရားခွင်မှာ ကောင်းမွန်စွာထုချေနိုင်ခဲ့ပေမဲ့ တရားရုံးက တရားလိုနဲ့ တရားလိုပြသက်သေတွေရဲ့ ထွက်ချက်တွေ ပေါ်မှာပဲ မူတည်ပြီး အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
“ကျနော်တို့ဘက်ကတော့ ကျနော်တို့စစ်တာကို ကျေကျေနပ်နပ်ဖြစ်တယ်။ ဒါပေမဲ့ ပြစ်ဒဏ်ချတော့မယ် ဆိုရင် ဒီမူလရုံးက ပြစ်ဒဏ်ချကိုချရမှာ။ ချရင်လည်း လျှော့ချလို့မရဘူး အမြင့်ဆုံးပြစ်ဒဏ်ကိုပဲချရမယ်။ လျှော့ရင် ပြည်ထောင်စုအဆင့်လောက်က အပေါ်ရုံးတွေကလျှော့မယ်။ မူလရုံးက ချကိုချပြရမယ် ဒါမှ အမှုသည်တွေက အမှုကိုကြောက်မှာ စိုးရိမ်မှာ ဆိုတဲ့သဘောမျိုးတွေနဲ့ ဒါတွေက သိထားပြီးသားဖြစ်တယ် ပေါ့။ အဲဒီအခါမှာ တရားလိုဘက်က တင်ပြတဲ့ အထောက်အထားတွေ အပေါ်မှာ တင်ပြီးတော့ ဒီဘက်က ခုခံချေပတာကို ဘာမှမစဉ်းစားဘဲ တရားလိုနဲ့ တရားလိုပြသက်သေ တင်ပြချက်တွေကို မူတည်ပြီးတော့ အမှုကို သူတို့ချလိုက်တာပဲလေ”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ အခုလို အဂတိမှုတွေနဲ့ တရားစွဲဆိုတာက NLD ပါတီကို နိုင်ငံရေးကနေ အပြီးတိုင်ဖယ်ရှားဖို့အတွက် စစ်ကောင်စီက ကြိုးပမ်းတဲ့လုပ်ရပ်တွေဖြစ်တယ်လို့ ဝေဖန် ပါတယ်။
“လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ပြည်သူ့ခေါင်းဆောာင်တွေ ဒါတွေ မရှိမှ စစ်တပ်အနေနဲ့ တိုင်းပြည်ကို ဆက်လက်ပြီးတော့ စိုးမိုးအုပ်ချုပ်လို့ရမယ့် အနေအထားဖြစ်တဲ့အခါ ကျတော့ ဆီလိုအပေါက်ရှာပြီးတော့ အမှုတွေ ဖော်ထုတ်နေတာပေါ့ဗျာ။ ဒီလိုလုပ်တဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ NLD ပါတီ နိုင်ငံရေးအရ ရွေးကောက်ပွဲမဝင်နိုင်ရေး၊ ပါတီတစ်ရပ်အနေနဲ့ ဆက်လက် မရပ်တည်ရေး၊ နောက် NLD ပါတီဟာ နိုင်ငံရေးအရမလှုပ်ရှားနိုင်ရေး အဲဒီသဘောထားတွေအပေါ်မှာ မူတည်ပြီးတော့ ဒီလုပ်ငန်းတွေ လုပ်နေတာပေါ့”
စစ်အာဏာသိမ်း ဆယ်လကျော်ကာလအတွင်းမှာ NLD အစိုးရအဖွဲ့ဝင်တွေ အဂတိမှုနဲ့ စွပ်စွဲခံထားရတာ အပြင် ပါတီဝင်ပေါင်း ၄၃၂ ဦးဟာလည်း ဖမ်းဆီးအကျဉ်းကျနေတယ်လို့ ပါတီ ဗဟိုအလုပ်ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရစဉ် စစ်ကြောရေးမှာ သေဆုံးသူ ရှစ်ဦး၊ အကျဉ်းကျခံနေရစဉ် သေဆုံးသူ လေးဦးနဲ့ ပြန်လည်လွတ်မြောက်ပြီး လပိုင်းအတွင်း သေဆုံးသူ တစ်ဦးရှိတယ်လို့ ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။