AAPP ကိုအရေးယူမယ်ဆိုတာ ဖြစ်နေတာတွေဖုံးကွယ်ဖို့လို့ လူ့အခွင့်အရေးအဖွဲ့တွေ ပြော

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ဟာ မမှန်ကန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေကို ထုတ်ပြန်နေပြီး နိုင်ငံဝန်ထမ်းတွေနဲ့ အများ ပြည်သူတွေ စိုးရိမ်ကြောက်ရွံ့မှုဖြစ်အောင်၊ ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်ရာရောက်နေတယ်လို့ အရေးယူမယ်ဆိုပြီး စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီ ၂၆ ရက် တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

စစ်တွေမြို့မှာ ၂၀၂၀ ဧပြီလ ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေ လွှတ်ပေးခဲ့စဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ဟာ မမှန်ကန်တဲ့ ကိန်းဂဏန်း အချက် အလက်တွေကို ထုတ်ပြန်နေပြီး နိုင်ငံဝန်ထမ်းတွေနဲ့ အများပြည်သူတွေ စိုးရိမ်ကြောက်ရွံ့မှုဖြစ်အောင်၊ ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်ရာရောက်နေတယ်လို့ အရေးယူမယ်ဆိုပြီး စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီ ၂၆ ရက် တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ချက်နဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့

“အေအေပီပီက စစ်တပ်အာဏာသိမ်းခဲ့တဲ့နေရက်စပြီး ဖမ်းဆီးခံရတဲ့သူတွေရဲ့ စာရင်းအချက်အလက် တွေကို သီးခြားစီပြုစုထားတဲ့အကြောင်းနဲ့ သေဆုံးသူ တဦးချင်းရဲ့ နာမည်၊ တိုက်ခိုက်ခံရတဲ့ နေရာ၊ သေဆုံးတဲ့ ရက်စွဲ၊ သေဆုံးတဲ့နေရာ၊ တိုက်ခိုက်ခံရပုံနဲ့ အချို့ ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်းတွေနဲ့တကွ သိမ်းဆည်းထားပြီး နေ့စဉ်ဖော်ပြနေတာဖြစ်တဲ့အကြောင်း၊ စစ်အုပ်စုက အရေးယူမယ်ဆိုတာက ဒီကနေ့ မြန်မာပြည်သူ၊ ပြည်သား တစ်ဦးချင်းတိုင်းဟာ ဘယ်သူမှ မလုံခြုံတဲ့အကြောင်းနဲ့၊ အေအေပီပီရဲ့ မှတ်တမ်း အရ လာဖမ်းတဲ့သူကို မတွေ့လို့ အိမ်မှာရှိတဲ့ မိသားစုထဲက လူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ အယောက် ၄၀ ကျော် ရှိနေတဲ့အကြောင်း” စာနဲ့ပြန်လည်ဖြေဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု တွေနဲ့ ဆက်နွယ်ပြီး စစ်တပ်နဲ့ရဲလက်ချက်ကြောင့် သေဆုံးသူ၊ ဖမ်းဆီးခံထားရသူ၊ ဖမ်းဝရမ်းထုတ်ခံထားရသူ စတာတွေကို ကိန်းဂဏန်းတွေနဲ့ ဖော်ပြပေးနေတာပါ။

ဒီထုတ်ပြန်ချက်တွေကို နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေက ကိုးကားဖော်ပြနေကြပါတယ်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့တူညီပြီး AAPP အဖွဲ့က ထုတ်ပြန်နေတဲ့ အချက်အလက်တွေကို လက်မခံပါဘူး။

ဒါဟာ ပြည်သူလူထုကို စိုးရိမ်ထိတ်လန့်စေတယ်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ပြောပါတယ်။

“အရေးအခင်းကိစ္စမှာ ဖြိုခွင်းတဲ့အချိန်မှာ သေဆုံးသူရှိမယ်၊ ထိခိုက်ဒဏ်ရာရမှုတွေရှိမယ်။ ဒါတွေရဲ့ အရေအတွက်ကို ပြန်သုံးသပ်တဲ့အခါကျတော့ တကယ်ကို ဒီလူတွေဟာ သေဆုံးတာမှန်ရဲ့လား သို့မဟုတ် ထိခိုက်ဒဏ်ရာရတာ မှန်ရဲ့လားဆိုတာ ဒေတာအချက်အလက်ကို သေချာလေးသုံးသပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်။ ဥပမာ ဆိုကြပါစို့ ဒီအရေးခင်းထဲမှာပဲ ဒဏ်ရာရပြီးတော့ တပ်ကခေါ်သွား မယ်၊ ပြီးရင်ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ ဆေးကုပေးနေတာမျိုးပေါ့။ အဲဒါမျိုးတွေကို သေစာရင်းထဲ သွားသွင်းတာမျိုးကျတော့ ဒုက္ခရောက်စေတယ်ပေါ့။ တကယ်လို့ လူတစ်ယောက်က ဆုံးပါးသွားတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာပဲဖြစ်ဖြစ်၊ ပစ်ခတ်ခံလိုက်ရတာပဲဖြစ်ဖြစ် သူ့ရဲ့မိသားစု နောက်ကြောင်းအချက်အလက် ဘယ်လိုဖြစ်ခဲ့တယ်၊ ဒါမျိုး အချက်အလက်တွေနဲ့ နောက်ကနေ လုပ်လိုက်နိုင်လို့ ရှိရင် သူတို့ရဲ့ထုတ်ပြန်ချက်တွေကို ကျွန်တော်တို့က ကိုးကားလို့ ရတယ်ပေါ့နော်။ အဓိကကတော့ နောက်ခံအကိုးအကား အားနည်းတဲ့အခါကျတော့ စာရင်း အရမ်းဖောင်းပွသွားပြီးတော့ မလိုလားအပ်ဘဲနဲ့ တခြား အေးအေးချမ်းချမ်းနေတဲ့ ပြည်သူလူထုတွေကို သွေးထိုးလှုံ့ဆော်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နိုင်ပါတယ်။ အဲတော့ အဲဒါကြောင့်မို့လို့ပဲ နစက ဘက်က ဒီလိုမျိုးထုတ်တယ်လို့ပဲ ကျွန်တော်တို့ သုံးသပ်ပါတယ်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) လို လွတ်လပ်တဲ့အဖွဲ့အစည်း ထုတ်ပြန်ချက်တွေကို မယုံကြည်ရဘူးဆိုရင် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေကိုရော ပြည်သူလူထုက ယုံကြည်နိုင်မလားဆိုတဲ့ RFA ရဲ့ အမေးကိုတော့ ဦးသိန်းထွန်းဦးက “လက်ရှိ မြေပြင်အနေအထားအရ အုပ်ချုပ်ရေးကောင်စီအပေါ် သံသယရှိတယ် ဆိုရင် ပြင်ပက လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုခုကို လက်တွေ့ စုံစမ်းခိုင်းလို့ရတယ်” လို့ တုံ့ပြန်ဖြေဆိုပါတယ်။ ပြည်ပက ဘယ်လို အဖွဲ့အစည်းမျိုးကိုလဲ ဆိုတာတော့ သူကအတိအကျ မပြောပါဘူး။

AAPP ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အရေးကိစ္စအတွက် ယုံကြည်စိတ်ချအားကိုးရတဲ့ အဖွဲ့ တစ်ခုအဖြစ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေအပြင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW တို့ကပါ အသိအမှတ်ပြုထားတဲ့ အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် AAPP အဖွဲ့ကို စစ်ကောင်စီက အရေးယူဖို့ပြင်ဆင်နေတာဖြစ်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က Phil Robertson က အခုလို ပြောပါတယ်။

“ဒီအဖွဲ့က မြန်မာပြည်က ဖမ်းဆီးသတ်ဖြတ်ခံရသူတွေရဲ့ စာရင်းကို ကမ္ဘာကသိအောင် ထုတ်ပြန်နေတဲ့ အဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။ အင်မတန်ခက်ခဲတဲ့အလုပ်ကို လုပ်နေတဲ့ တကယ့်အရေးကြီးတဲ့ အဖွဲ့ အစည်းတစ်ခုကို သူတို့လုပ်ငန်းတွေ မလုပ်နိုင်အောင် အသံတိတ်သွားအောင် လုပ်ဆောင်တာဖြစ်တယ်။ မြန်မာပြည်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ပြင်ပကမ္ဘာက မသိမကြားရအောင် ကြိုးစားမှုတစ်ခု ဖြစ်တယ်”

လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Right အဖွဲ့ က ကိုနစ်ကီဒိုင်းမွန်းကတော့ AAPP ကို အရေးယူမယ်ဆိုတာ စစ်ကောင်စီက သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ဖို့အတွက်ဖြစ် တယ်လို့ ဝေဖန်ပါတယ်။

“မြေပြင်ပေါ်မှာ အပြစ်မဲ့တဲ့ ပြည်သူတွေ၊ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ လက်နက်ကိုင်ပြီးတော့ အကြမ်းဖက်လုပ်ရပ်တွေကိုလုပ်တယ်။ လူသတ်တာတွေ ကျူးလွန်တယ်။ ဖမ်းဆီးပြီးတော့ ညှဉ်းပမ်းနှိပ် စက်တာတွေ ကျူးလွန်တယ်။ အဲဒါတွေကိုလုပ်ထားပြီးတော့မှ ခုနတုန်းက သတင်းအချက်အလက် ထုတ်ပြန်၊ လူ့အခွင့်အရေးအရ မှတ်တမ်းတင် အချက်အလက်တွေ ထုတ်ပြန်တဲ့အဖွဲ့အစည်းကို ပြင်းပြင်း ထန်ထန် အရေးယူမယ်ဆိုတာကို ကျွန်တော်တို့ လုံးဝကန့်ကွက်ရှုတ်ချတယ်။ ဒီလိုလုပ်ရပ်က သူတို့ရဲ့ ကျူးလွန်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ကြိုးစားတဲ့ နည်းလမ်းတစ်ခုပေါ့နော်။ ဒီလိုကြိုးစား တာက အလုပ်ဖြစ်မယ်လို့လည်း ကျွန်တော် မယုံကြည်ဘူးပေါ့နော်။ အေအေပီပီလို အဖွဲ့တစ်ဖွဲ့တည်းရှိတာ မဟုတ်ဘူး။ မြန်မာပြည်ကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိနေတယ်”

စစ်တပ်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို စဉ်ဆက်မပြတ် မှတ်တမ်းတင်နေတဲ့ AAPP အဖွဲ့ရဲ့ အချက် အလက်တွေဟာ မှန်ကန်တယ်လို့ လက်ခံထားကြောင်းလည်း ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကို ၂၀၀၀ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားဟောင်းတချို့က စတင်တည်ထောင်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ အခြေပြုခဲ့တဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ရုံးခွဲတွေကို ဖွင့်လှစ်ပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက်ရေး၊ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကူအညီပေးရေး၊ မြန်မာ နိုင်ငံသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကနေ ကာကွယ်တားဆီးရေး၊ အကျဉ်းထောင်ပြုပြင် ပြောင်းလဲရေး အစရှိတဲ့ ဦးတည်ချက်တွေနဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

(AAPP) ဟာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီညွတ်လို့ တရားဝင် မှတ်ပုံတင်ခွင့်မရတာကြောင့် ဥပဒေအရ တရားဝင်ရပ်တည် ဆောင်ရွက်ခွင့်မရှိတဲ့ အဖွဲ့တစ်ခုလို့လည်း စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org