နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းအချို့ကို စစ်ကောင်စီ ပြန်လွှတ်

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူအချို့ကို စစ်ကောင်စီက သြဂုတ် ၂ ရက် ဒီကနေ့မှာ အကျဉ်းထောင်အသီးသီးကနေ ပြန်လွှတ်ပေးလိုက်ပြီး အဲဒီအထဲမှာ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင် အရိယာဝံသာဘိဝံသ၊ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် တို့လို လူသိများထင်ရှားသူတွေနဲ့ (CDM) ဝန်ထမ်းအချို့ ပါဝင်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ရန်ကုန် အင်းစိန်ထောင်ကို ၂၀၂၁ သြဂုတ် ၂ ရက်နေ့က တွေ့ရစဥ်

အာဏာသိမ်းစစ်ကောင်စီက မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသ၊ ပုသိမ် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အဖမ်းခံရသူအချို့ဟာ ဒီကနေ့ သြဂုတ် ၂ ရက်နေ့မှာ အကျဉ်းထောင်တွေကနေ ပြန်လွတ်လာပါတယ်။

စစ်တပ်ရဲ့ နိုင်ငံရေးစွက်ဖက်မှုတွေကို သတင်းမီဒီယာတွေကနေတဆင့် ဝေဖန်လို့ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် ညနေမှာပဲ လူဝတ်လဲပြီး ဖမ်းဆီးခံခဲ့ရတဲ့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယာဝံသာ ဘိဝံသဟာ ဒီကနေ့ မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ ပြန်လွတ်လာတယ်လို့ ဆရာတော်ရဲ့ ရှေ့နေ ဦးဇေလင်းမောင် က RFA ကို ပြောပါတယ်။

"ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လူဝတ်လဲပြီး ဖမ်းဆီးသွားတယ်။ ၂ ရက်နေ့မှာပဲ ဆရာတော်ကို စွဲချက်တင် တာပေါ့။ ပုဒ်မ ၅၀၀ နဲ့ စွဲချက်တင်ပြီးတော့ တောက်လျောက်ဆက်ပြီးတော့ စစ်ဆေးသွားတာပေါ့။ ၆ လပိုင်း ၁၅ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၀ နဲ့ ပြစ်မှုထင်ရှားတွေ့ရှိတယ်ဆိုပြီး အလုပ်နဲ့ ထောင်ဒဏ် ၆ လချတာပေါ့။ အခု ကျခံရမယ့် ထောင်ဒဏ်ပြည့်လို့ ပြန်လွတ်လာတယ်လို့ပဲ ယူဆလို့ရတယ်"

မြဝတီမင်းကြီးဆရာတော်ဟာ တပ်မတော်ကို အသရေဖျက်မှု ပုဒ်မ - ၅၀၀ နဲ့ တရားစွဲဆိုခံရပြီးနောက် ပြစ်မှု ထင်ရှားတယ်ဆိုပြီး ဇွန်လအတွင်းမှာ အလုပ်နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာဖြစ်လို့ သြဂုတ်လ ၁ ရက်နေ့မှာ ပြစ်ဒဏ်စေ့ခဲ့တာဖြစ်ပါတယ်။

"နိုင်ငံတကာဖိအားတွေကို ဖြေလျော့ချင်တယ်ဆိုရင် လွှတ်ပေးလို့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်"

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်လို့ မတ်လ ၁၂ ရက်မှာ ဖမ်းဆီးခံရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲခံခဲ့ရတဲ့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် လည်း ပုသိမ်အကျဉ်းထောင်ကနေ ဒီကနေ့မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာတဲ့အကြောင်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အသိပေးခဲ့ပါတယ်။

ဒီကနေ့မနက် လွတ်မြောက်လာသူတွေထဲမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဧရာဝတီ တိုင်း၊ အင်္ဂပူမြို့နယ်၊ မယ်ဇလီကုန်း တိုက်နယ်ဆေးရုံက ဒေါက်တာပြည့်ဖြိုးနိုင် လည်းပါဝင်တယ်လို့ သူ့ရဲ့ရှေ့နေ ဦးလှတင် က RFA ကို ပြောပါတယ်။

"ကျွန်တော် ထောင်ဘက်သွားတော့ ဘာမှမရှိတော့ဘူး။ ရုံးကိုခဏဝင်တော့ ဆရာတဲ့ မနက်ကတည်း က ဒေါက်တာပြည့်ဖြိုးနိုင်ကို လွှတ်လိုက်ပြီတဲ့။ ဒေါက်တာပြည့်ဖြိုးနိုင်ရဲ့ ညီ လာခေါ်သွားတယ်တဲ့။ သူပြော လို့သိတာက ဝန်ထမ်းတွေ (CDM) ပါတယ်လို့ သိရတယ်"

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာပြည့်ဖြိုးနိုင်ဟာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၈၈၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့နဲ့ အမှုဖွင့်ခံထားရပြီး ဟင်္သာတ ထောင်မှာ ဖမ်းဆီးခံနေရတာပါ။

ဒေါက်တာပြည့်ဖြိုးနိုင်ကို စွဲထားတဲ့အမှုတွေကို ပိတ်သိမ်းပြီး အကျဉ်းထောင်က ပြန်လွတ်ပေးတဲ့ အကြောင်း ရင်းကိုတော့ မသိရသေးဘူးလို့ ရှေ့နေ ဦးလှတင် က ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ဦးစီးဦးဆောင်အနေနဲ့ မပါဝင်တဲ့ ၅၀၅ နဲ့ တရားစွဲဆိုခံရသူတွေကို ဖြေလျော့ပေးမယ်လို့ အာဏာသိမ်းမှု ၆ လပြည့်တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ အဲဒီလိုပြောဆိုပြီးနောက် ၁ ရက်အကြာမှာပဲ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း အပါအဝင် နေရာအချို့မှာ အကျဉ်းသားတချို့ ပြန်လွတ်မြောက်ခဲ့ပေမယ့် အရေအတွက် တိတိကျကျကိုတော့ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

(ထောင်ကပြန်လွတ်လာတဲ့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နဲ့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသ) Photo CJ

RFA က ရရှိထားတဲ့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ စာရင်းမှာတော့ သြဂုတ်လ ၂ ရက်မှာ ဧရာဝတီ တိုင်းအတွင်း CDM ဝန်ထမ်းအကျဉ်းသား ၂၇ ဦး လွတ်မြောက်ဖို့ရှိပါတယ်။ ရန်ကုန်တိုင်းအကျဉ်းဦးစီးဋ္ဌာန တာဝန်ရှိသူတစ်ဦးကလည်း သြဂုတ်လ ၂ ရက်ညနေမှာ အကျဉ်းသား ၂၀ ဦးခန့်လွှတ်ပေးမယ်လို့ ပြောပေမယ့် လွတ်မြောက်မယ့်သူတွေရဲ့ အမည်တွေနဲ့ အရေအတွက်တိတိကျကျကိုတော့ မပြောပါဘူး။

စစ်ကောင်စီအနေနဲ့ CDM ဝန်ထမ်းအချို့ကို အမှုပိတ်သိမ်းပြီး အခုလိုပြန်လွှတ်ပေးတာဟာ နိုင်ငံတကာဖိအား တွေကြောင့်ဖြစ်ပြီး စစ်တပ်ကို ကျေးဇူးတင်စရာမလိုဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေး အသင်းတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"နိုင်ငံတကာဖိအားတွေများလာပြီ၊ နိုင်ငံတကာဖိအားတွေကို ဖြေလျော့ချင်တယ်ဆိုရင် လွှတ်ပေးလို့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်။ ဒါက သူတို့ ပုံမှန်လုပ်လေ့လုပ်ထရှိတဲ့ အလေ့အထတစ်ခုပဲ။ ဘာမှသိပ်အံ့သြစရာမရှိဘူး။ ကျေးဇူးတင်စရာအကြောင်းလည်းမရှိဘူး။ အစကတည်းက မဖမ်းသင့်တဲ့ သူတွေကို ဖမ်းထားတာဖြစ်တယ်။ အကျဉ်းထောင်ထဲမှာ မရှိသင့်မရှိထိုက်တဲ့သူတွေကို အကျဉ်းထောင်ထဲ ကို ထည့်ထားတာဖြစ်တယ်"

စစ်ကောင်စီအနေနဲ့ နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်ဖို့နဲ့ အာဏာဖီဆန်ရေးမှာပါဝင်တဲ့ CDM တွေ အချင်း ချင်းကြား သွေးကွဲစေဖို့ ရည်ရွယ်ပြီး ဖမ်းဆီးထားတဲ့ CDM ဝန်ထမ်းတွေကို ဆက်လွတ်ပေးနိုင်ခြေရှိတာကြောင့် လွတ်မြောက်လာသူတွေအပေါ် သံသယမထားဖို့ လိုတယ်လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက် ကလည်း တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၂၂၉၆ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါသေးတယ်။

ဒါပေမဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်တွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ၊ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လူသိများတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအပြင် CDM ဝန်ထမ်းနဲ့ အရပ်သားစုစုပေါင်း ၅၄၀၀ ကျော်ဟာ အကျဉ်းထောင် တွေထဲမှာ ဖမ်းချုပ်အကျဉ်းချထားဆဲဖြစ်တယ်လို့ AAPP က ပြုစုထားတဲ့စာရင်းတွေမှာ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org