ရခိုင်မှာ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲထားတဲ့ အမှုတွေကို ပြန်ရုပ်သိမ်းဖို့ ဆွေးနွေးနေ
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကာလ အတွင်း အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူတွေကို အမှုပြန်ရုပ်သိမ်းဖို့ ဆွေးနွေးနေတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင်က RFA ကို ပြောပါတယ်။
- 2021-04-27
-
-
-
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကာလအတွင်း အေအေနဲ့ ဆက်စပ် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူတွေကို အမှုပြန်ရုပ်သိမ်းဖို့ ဆွေးနွေးနေတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်က RFA ကို ပြောပါတယ်။
စစ်တွေမြို့မှာရှိတဲ့ ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးမှာ ဧပြီလ ၂၆ ရက် မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့သူတွေကို အမှုပြန်ရုပ်သိမ်းဖို့ အစီအစဉ် ရှိ၊ မရှိ RFA က မေးမြန်းရာ မှာ အခုလို ဖြေကြားခဲ့တာပါ။
သူတို့ကို နိုင်ငံတော် အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ တရားစွဲခဲ့တာဖြစ်တဲ့အတွက် အမှုကိုပြန်ရုပ်သိမ်းမယ့်အခါမှာလည်း သူတို့ရဲ့ သဘောတူညီချက်ကို ရဖို့လိုတဲ့အတွက် သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
“အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ဆိုတာ နိုင်ငံတော်မှာရှိပါတယ်။ အဲဒီအဖွဲ့ရဲ့ သဘောတူညီချက်နဲ့မှ အမှုကို စွဲလို့ရတာပါ။ ဆိုတော့ အမှုကိုပြန်ရုပ်မယ်ဆိုတဲ့ အခါကျတော့လည်း ဒီဗဟိုအဖွဲ့သဘောတူညီချက် ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအရ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ခွင့်ပြုချက်နဲ့ တရားစွဲ ထားတယ်။ ရုပ်တဲ့အခါ ဗဟိုက မသိလိုက်ဘူး။ အဲဒီလိုမဖြစ်ရအောင် ချက်ပြုချက်ပေးနိုင်တဲ့ပုဂ္ဂိုလ်က ပြန်ပြီးတော့အမှုရုပ်မယ့်အခါမှာ သဘောတောတူအောင် အဲဒါကြောင့် ဗဟိုအဖွဲ့က သဘောတူညီချက်ရပြီး လို့ရှိရင်တော့ ပြီးသွားမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက်လည်း သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီးတော့ ခွင့်ပြုချက်တွေကို ပြန်တောင်းထားတယ်လို့ သိရပါတယ်”
အမှုကိုရုပ်သိမ်းလိုက်ပြီဆိုရင်တော့ အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့သူတွေဟာ လွတ် မြောက်သွားမှာဖြစ်ပြီး ဘယ်နေ့ရုပ်သိမ်းမယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့လည်း သူက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အဲဒီအကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့သူ ၂၀၀ ဦးရှိတယ်လို့ စစ်တွေအခြေ စိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
သူတို့ဟာ အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ တပ်မတော်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၀(ည)၊ ၅၀(ဃ)၊ ၅၁(က)၊ ၅၁(ဂ)၊ ၅၂၊ ၅၂(က)၊ ၅၂(ခ) စတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံနေရတာပါ။
အဲဒီအကြမ်းဖက်ဥပဒေပုဒ်မနဲ့ နှစ်နှစ်ကျော်ကြာ ဖမ်းဆီးတရားစွဲခံနေရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေး ရွာက ဦးခင်မောင်စိုးရဲ့ အမျိုးသမီးဖြစ်သူ ဒေါ်သိန်းမယဉ်ကတော့ အမှုကိုအပြန်ဆုံး ရုပ်သိမ်းစေလိုတယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်မတို့ဘက်ကပြောချင်တာက အခုလို ကျွန်မတို့ ဥပဒေနဲ့ရင်ဆိုင်နေရတာလည်း နှစ်နှစ်ကျော်လာပြီ ဖြစ်တဲ့အတွက် ကျွန်မတို့မှာလည်း သွားရတာလာရတာ၊ စားရတာနေရတာ အဆင်မပြေတဲ့အတွက်နဲ့ ဒီအကြမ်းဖက်နဲ့ စွဲထားတဲ့အမှုကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး ရုပ်သိမ်းပေးစေလိုပါတယ်။ ကျွန်မတို့လည်း ဘာမှမတတ်နိုင်တော့ဘူး ဖြစ်နေတယ်။ ကျွန်မတို့ ယောကျာ်းတွေ အပါအဝင် အကုန်လုံးကတော့ ရွာသားတွေပါပဲ အပြစ်မရှိပါဘူး။ အဲဒါကြောင့် အမြန်ဆုံးလွှတ်ပေးစေလိုတယ်လို့ ကျွန်မတို့က တောင်းဆိုနေတာပါ”
အဲဒီလက္ကာကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တပ်မတော်နဲ့ ရက္ခိုင်တော်(AA)တို့ တိုက်ပွဲအပြီး ဦးခင်မောင်စိုး အပါအဝင် ရွာသား ၂၇ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် ကိုဇော်မျိုးထွန်း၊ ဦးသိန်းထွန်းစိန်နဲ့ ဦးမောင်သန်းနုတို့ သုံးဦးကတော့ တပ်မတော်ကဖမ်းဆီး ထားစဉ် စစ်ကြောရေးမှာ သေဆုံးသွားပါတယ်။
ကျန်တဲ့သူတွေကိုတော့ AA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တွေတပ်နယ်က ဗိုလ်ကြီး ထင်လင်းနဲ့ အမှတ်-၃၁ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက ဒုရဲမှူး ဇော်မျိုးဝင်းတို့က တရားလိုလုပ်ပြီး ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နဲ့ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ-၂ (၁) နဲ့ စစ်တွေခရိုင် တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပြီး အခုအချိန်ထိ အမှုရင်ဆိုင်နေကြရတာပါ။
အလားကတူ အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက ကိုညီညီအောင်ရဲ့ မိခင်ဖြစ်သူ ဒေါ်နီနီကလည်း မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့အတွက် သူတို့ကို ပြန်လွှတ်ပေးဖို့တောင်းဆိုတယ်လို့ RFA ကို ပြောပါတယ်။
“အန်တီတို့က ဆင်းရဲပင်ပန်းတယ်။ ဘယ်အေအေနဲ့မှလည်း မပတ်သက်ပါဘူး။ အန်တီ အာမခံပါတယ်။ အန်တီတို့ ဆင်းရဲတယ် အဲဒါကြောင့် မနက်မိုးလင်းရင် အလုပ်ကို ထမင်းချိုင့်နဲ့သွားတယ်။ မှောင်မှပဲ အိမ်ကိုပြန်ရောက်တယ်။ ဘာကြောင့်လဲဆိုရင် အန်တီကိုတို့ ကျွန်ခံပြီးစားနေရတဲ့ ဘဝပါ။ တစ်ရက်လုပ်မှ တစ်ရက်စားရတယ်။ အခု အန်တီသားအဖမ်းခံရတာ ၁၃ လရှိပြီ။ အခါလည်လို့ တစ်လတောင် စွန်းသွားပြီ။ ဗမာစစ်တပ်ကိုလည်း ပြောချင်ပါတယ်။ အန်တီသားမှာ အပြစ်မရှိပါဘူး။ သူ့ကို ပြန်လွှတ်ပေးပါ။ သူတို့ နှိပ်စက်လို့ ဒီလောက်ဆိုရင် တော်ပါတော့။ ဘာကြောင့်လဲဆိုရင် အန်တီတို့ ငတ်လို့သေတော့မယ်။ ဟိုသူ့ဆီက အကြွေး၊ ဒီသူ့ဆီကအကြွေးနဲ့ ပတ်လည်ဝိုင်နေပြီ။ အန်တီတို့ ဒုက္ခအမျိုးမျိုးရောက်နေတယ်။ ကျေးဇူးပြုလို့ အန်တီတို့သားကို လွှတ်ပေးပါ။ အန်တီ ငတ်ပြတ်လို့ သေတော့မယ်”
အဲဒီကျောက်ဆိပ်ကျေးရွာမှာလည်း ကိုမောင်ဌေးဝင်း၊ ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ပုဏ္ဏားကျွန်းမြို့ပေါ် အလယ်စုရပ်ကွက်က ဦးမင်းစိုးနဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက ကိုကျော်ဝင်းဟိန်းတို့ကို ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ရက္ခိုင့်တပ်တော် (AA)နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးခဲ့ပြီး တပ်မတော်ရေယာဉ်ပေါ်မှာ ဝိုင်းဝန်းနှိပ်စက်ခဲ့ကြတာပါ။
ဖမ်းဆီးထားသူတွေကို ရိုက်နှက်နှိပ်စက်နေတဲ့ ဗီဒီယိုဖိုင်ဟာ မေလ ၁၀ ရက်နေ့မှာ လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် တပ်မတော်ကလည်း သူတို့နှိပ်စက်တာ ဟုတ်မှန်ကြောင်း ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ကို ပြန်လွှတ်မပေးဘဲ ခလရ- ၅၅၀ တပ်ရင်းက ဗိုလ်ကြီး တင့်နိုင်ထွန်းက တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(ည)၊ ၅၂ (က) တို့နဲ့ ဖမ်းဆီးတရားစွဲခံနေရတာဖြစ်ပါတယ်။
အဲဒီကျောက်ဆိပ်အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွှန်မောင်ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ် တွေ အမှုကို ရုပ်သိမ်းလွှာတင်ပြီးသွားပြီဖြစ်ပြီး လူကြီးတွေကိုလည်း ရုပ်သိမ်းလွှာတာတင်မယ်လို့ သိရတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ လွန်ခဲ့တဲ့အပတ်ကဆိုလို့ရှိရင် ကလေးသူငယ်တွေကို အကြမ်းဖက်ဥပဒေနဲ့ စွဲထားတဲ့ အမှုတွေကို ရုပ်သိမ်းလွှာကို ဥပဒေရုံးကိုတင်ထားပြီးကြောင်း ဥပဒေရုံးက ပြောပြလို့သိရတယ်။ လူကြီးတွေကိုကျတော့ ဒီနေ့ အထိတော့ ရုပ်သိမ်းလွှာတင်တာကို ကျွန်တော်တို့ မသိသေးဘူး။ ဒါပေမဲ့ တရားလိုဘက်က ရုပ်သိမ်းလွှာတွေ တင်မယ်ဆိုတာကို တရားစွဲဆိုရေးအဖွဲ့တွေက ကျွန်တော်တို့ ကြားသိရတယ်။ ဒီနေ့အထိတော့ မတင်သေးဘူးပေါ့”
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအမှုကို ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်း ကလည်း စစ်ကောင်စီကနေ အခုလို ရုပ်သိမ်းမှာကိုကြားတဲ့အတွက် မိသားစုတွေလည်း ဝမ်းသာအားရ မျှော်လင့်နေကြတယ်လို့ ပြောပါတယ်။
“လက္ကာကျေးရွာသားတွေအမှုကို နှစ်နှစ်ကျော်အထိ ကြာပြီပေါ့နော်။ နှစ်နှစ်ကျော်ကြာတော့ သူတို့ရဲ့ မိသားစု စားဝတ်နေရေးရော နောက်ပြီးတော့ သူတို့ရဲ့နေရေးထိုင်ရေးရော တော်တော်ကြီးကို အခက်အခဲ ဖြစ်နေကြတယ်ပေါ့နော်။ သူတို့ကလည်း အမှုကိုမြန်မြန်ပြီးချင်နေကြပြီ။ မိသားစုတွေကလည်း ပြီးချင် နေကြပြီ။ အခုစစ်ကောင်စီကလည်း ရုပ်မယ်ပြောသံကြားတော့ ပိုပြီးတော့ ဝမ်းသာအားရနဲ့ စောင့်မျှော်နေ ကြတယ်ပေါ့နော်”
ရက္ခိုင့်တပ်တော်(AA)ကိုလည်း အကြမ်းဖက် စာရင်းကနေ ပယ်ဖျက်လိုက်ပြီဖြစ်သလို တိုက်ပွဲတွေလည်း မဖြစ်ဘဲ အေးချမ်းနေတာလည်း ကြာပြီဖြစ်တဲ့အတွက် အခုလို အမျိုးသားရင်ကြားစေ့ကာလမှာ စစ်ကောင်စီအနေနဲ့ ဒီအချိန်မှာ သဘောထားကြီးကြီးနဲ့ အမှုကိုအမြန်ဆုံး ပြန်ရုပ်သိမ်းသင့်တယ်လို့လည်း သူက ထောက်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလကစပြီး တော့ အပစ်အခတ်တွေ ရပ်ဆဲနေတာဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီကနေပြီးတော့ ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က အကြမ်းဖက် အဖွဲ့အဖြစ်ကနေ ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။