ဝမ်းတွင်းမြို့ပေါ်က စစ်ကောင်စီရုံးတွေ တိုက်ခိုက်ခံရ

ဝမ်းတွင်းမြို့က စစ်ကောင်စီရုံးတွေဖြစ်တဲ့ ဝမ်းတွင်းမြို့မရဲစခန်းနဲ့ အထွေထွေ အုပ်ချုပ်ရေးရုံးတို့ဟာ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဝမ်းတွင်းမြို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း တွေ့ရစဥ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့က စစ်ကောင်စီရုံးတွေဖြစ်တဲ့ ဝမ်းတွင်းမြို့မရဲစခန်းနဲ့ အထွေထွေ အုပ်ချုပ်ရေးရုံးတို့ဟာ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဝမ်းတွင်းမြို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာ စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးရုံးထဲကို လူမှုကူညီရေးယာဥ်နှစ်စီး ဝင်ရောက်ပြီး ထိခိုက်သူတွေကို သယ်ဆောင်သွားတယ်လို့ ဝမ်းတွင်းမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။

“ရဲစခန်းနဲ့ထွေအုပ်ရုံးနဲ့ ဆက်စပ်တဲ့လမ်းမတွေကို မနေ့ ညကတည်းကနေ အခုအထိ ပိတ်ထားတယ်။ ဖြတ်သန်းခွင့် မပေးဘူး။ မနေ့က ပေါက်ကွဲမှုဖြစ်ပြီး ခဏကြာတာနဲ့ နာရေးကားတွေနဲ့ လာခေါ်သွားတာ တွေ့တယ်။ ပြီးတော့ နီးစပ်ရာ ပြည်သူတွေကိုလည်း ခေါ်ယူစစ်ဆေးတာ ရှိတယ်။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တယ်”

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသခံတွေကပြောပေမဲ့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီပစ်ခတ်မှုကို ဝမ်းတွင်းမြို့နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Wundwin Township Revolution Force -WTRF က လုပ်ခဲ့တာဖြစ်ပြီး ၄၀ မမ ဗုံးသီးလေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ အောက်တိုဘာ ၁၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဒါနဲ့ပက်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့က ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးနဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org