အိန္ဒိယနဲ့ ရွေးကောက်ပွဲကိစ္စဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြော

မြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးဆိုင်ရာ ကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Shri Ajit Doval တို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ Myanmar Military

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Shri Ajit Doval တို့ ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဥ် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေတဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒီအပြင် မြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးဆိုင်ရာ ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမဲ့ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြီးခဲ့တဲ့ဇွန်လက ထုတ်ပြောပြီးတဲ့နောက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေးကိစ္စတွေ အရှိန်မြှင့်လုပ်ဆောင်နေသလို စစ်ကောင်စီကလည်း ရွေးကောက်ပွဲကျင်းပမဲ့အကြောင်း မကြာခဏထုတ်ပြောလာတာပါ။

ရွေးကောက်ပွဲအတွက် လာမဲ့အောက်တိုဘာလမှာ လူဦးရေ သန်းခေါင်စာရင်းကောက်ဖို့ စစ်ကောင်စီကပြင်ဆင်နေသလို တည်ထောင်ခွင့် လျှောက်ထားတဲ့ပါတီတွေကို ရွေးကောက်ပွဲကော်မရှင်က အတည်ပြုတာ၊ ပယ်ချတာတွေလည်း လုပ်နေပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကတော့ စစ်ကောင်စီက ထွက်ပေါက်အဖြစ် အသုံးချမဲ့ရွေးကောက်ပွဲဟာ တိုင်းပြည့်အနှံ့ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အောင်မြင်နိုင်ဖွယ် မရှိဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

စစ်ကောင်စီဟာ တရားမဝင် အာဏာသိမ်းထားတာကြောင့် သူတို့ရဲ့ ရွေးကောက်ပွဲကျင်းပရေး ကြိုးပမ်းချက်တွေကလည်း တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org