ဦးဝီရသူ အပါအဝင် အာဏာရှင်အဆက်ဆက် ပါဝင်ခဲ့သူတွေကို စစ်ကောင်စီက ဘွဲ့ပေး

RFA Burmese
2023.01.03
ဦးဝီရသူ အပါအဝင် အာဏာရှင်အဆက်ဆက် ပါဝင်ခဲ့သူတွေကို စစ်ကောင်စီက ဘွဲ့ပေး လွတ်လပ်ရေးနေ့အကြို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ပွဲအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ခဲ့စဉ်။
Myanmar Military

အာဏာသိမ်း စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်ဟောင်းတွေ၊ စစ်ကောင်စီမှာ တာဝန်ထမ်းဆောင်‌နေသူတွေ အပါအဝင် အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ နယ်ပယ်စုံ ကပုဂ္ဂိုလ်တွေကို လွတ်လပ်ရေးနေ့အကြို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ ၂၀၆ ဦးနဲ့ ၂ ရက်နေ့မှာ ၃၄၄ ဦးတို့ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် နေပြည်တော်က သူရဲ့ရုံး သဘင်ဆောင်မှာ အခမ်းအနားနဲ့ ပေးအပ်ခဲ့တာပါ။

ဒီအထဲမှာ စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ စစ်အာဏာသိမ်းချိန်မှာ ဖမ်းဆီးခြင်းမခံရတဲ့ ဦးတီခွန်မြတ်တို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် အမျိုးသားရေးလှုပ်ရှားတဲ့ ဆရာတော် ဦးဝီရသူ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးသန်းဌေးနဲ့ ဘာသာရေးခေါင်းဆောင်တွေကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ အသိအမှတ်ပြုမှုရဖို့ သူ့ကို မဆန့်ကျင်သူတွေကို ဂုဏ်ထူးဘွဲ့ထူးတွေ ပေးအပ်နေတာလို့ နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။

“အရင်တုန်းက နိုင်ငံတော်အကြီးအကဲတွေ ဒီလိုဆုတွေပေးတယ်ဆိုလို့ရှိရင် သမ္မတ စလွယ်နဲ့သိုင်းပြီး ပေးကြတာ။ ဒီအခမ်းအနားမှာ တွေ့ရတာက မင်းအောင်လှိုင်က နိုင်ငံတော်အကြီးအကဲ သမ္မတစလွယ် လွယ်ပြီးတော့ ပေးနေတာက သူဟာ ဒီနေ့ မြန်မာပြည်ရဲ့ နိုင်ငံတော်အကြီးအကဲဖြစ်တယ်။ တစ်နည်းပြောရရင် သမ္မတ ဖြစ်တယ်ဆိုတာကို ဖော်ပြဖို့အတွက် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေကို အကုန်အကျခံပြီးတော့ သူ့ကိုမဆန့်ကျင်တဲ့လူတွေကို ဘွဲ့တံဆိပ်မျိုးစုံပေးပြီးတော့ သူ့ကို အသိအမှတ်ပြုခိုင်းနေတာလို့ ယူဆတယ်”

ဝန်ကြီးချုပ်ဟောင်း ဦးနု၊ သမ္မတဟောင်း ဦးစန်းယု၊ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းတို့အတွက် ဂုဏ်ထူးဆောင်ဘွဲ့တွေကိုတော့ သူတို့ရဲ့ မိသားစုဝင်တွေက လက်ခံရယူခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာကျရောက်တဲ့ အမျိုးသားနေ့ကလည်း လူထု လူတန်းစား အလွှာအသီးသီးက ပုဂ္ဂိုလ်တွေအတွက် ဆုတံဆိပ်နဲ့ ဘွဲ့တံဆိပ် တစ်ထောင်ကျော် ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရပြီး စစ်ကောင်စီက စွပ်စွဲတဲ့ အမှုပေါင်း ၁၉ မှုနဲ့ ထောင် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။