စစ်ကောင်စီက အကျဥ်းသားတွေရဲ့ အချက်အလက်တွေကို ထပ်မံ ကောက်ယူနေ
နိုင်ငံတစ်ဝန်းက အကျဥ်းထောင် ဆယ်ခုထက်မနည်းမှာ အကျဥ်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်ကို မေးမြန်းကောက်ယူနေတယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
-
RFA Burmese
2024-10-29 -
-
-
နိုင်ငံတစ်ဝန်းက အကျဥ်းထောင် ဆယ်ခုထက်မနည်းမှာ အကျဥ်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်ကို မေးမြန်းကောက်ယူနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို အောက်တိုဘာ ၂၉ ရက် ဒီနေ့ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာကစလို့ နိုင်ငံတစ်ဝန်းက အကျဥ်းထောင်တွေမှာ ကောက်ယူနေတာဖြစ်ပြီး အမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်တွေနဲ့ နေရပ်လိပ်စာ စတဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူနေတာလို့ ဆိုပါတယ်။
အကျဥ်းဦးစီးဌာန ဝန်ထမ်းတွေက အကျဉ်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်ကို ကောက်ယူနေတာဖြစ်ပြီး အရင်ကတည်းက အကျဥ်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်ကို ကောက်ယူထားပြီး ဖြစ်တာကြောင့် အခုလို ထပ်မံကောက်ယူတဲ့အပေါ် နိုင်ငံရေးအကျဥ်းသားတွေက စိုးရိမ်မှုတွေ ရှိနေတယ်လို့ PPNM က ပြောပါတယ်။
PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကတော့ အကျဥ်းသားတွေရဲ့ အချက်အလက် ကောက်ယူမှုမှာ စစ်ကောင်စီက နိုင်ငံရေးအရ အသုံးချဖို့ စိုးရိမ်မှုတွေရှိတယ်လို့ RFA ကို ပြောပါတယ်။
“ဒါက စစ်ကောင်စီက ဒီအချက်အလက်တွေကို ဘာကြောင့် ကောက်တာလဲပေါ့နော်။ အဲဒီအချက်အလက်တွေကို နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း အသုံးချမှာကို နိုင်ငံရေးအကျဥ်းသားတွေက စိုးရိမ်နေပါတယ်”
အကျဥ်းသားများအနေနဲ့ မဲပေးပိုင်ခွင့်မရှိပေမဲ့ မဲမသမာမှုတွေ လုပ်လာနိုင်တဲ့အပြင် စစ်ရေးအရ အဓမ္မ စစ်မှုထမ်းခိုင်းတာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူနှစ်သောင်းကျော် (၂၁,၀၄၁ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။