စစ်တပ်အရာရှိဆယ်ဦးကို အရပ်ဘက်ဝန်ကြီးဌာန သုံးခုထံပြောင်း

စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိ အရာရှိဆယ်ဦးကို အရပ်ဘက် ဝန်ကြီးဌာန သုံးခုမှာ ပြောင်းရွှေ့ပေးလိုက်ပါတယ်။

နေပြည်တော်တွင် ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် (၇၆) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာသူများအား တွေ့ရစဉ်။ Myanmar Military

စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိ အရာရှိဆယ်ဦးကို အရပ်ဘက် ဝန်ကြီးဌာနတွေဖြစ်တဲ့ ပိုဆောင်ရေးနဲ့ ဆက်သွယ်ရေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ စီပွားကူသန်း စတဲ့ ဌာနသုံးခုမှာ ဦးစီးအရာရှိ၊ လက်ထောက်မန်နေဂျာ စတဲ့အဆင့်တွေနဲ့ ပြောင်းရွှေ့ပေးလိုက်ပါတယ်။

အဲဒီဆယ်ဦးကို အရပ်ဘက်ဌာနတွေမှာ တာဝန်ထမ်းဆောင်ဖို့ ပြောင်းရွှေ့လိုက်ကြောင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြထားတာပါ။

စစ်ကောင်စီရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်ကြီးအောင်ကိုလတ်နဲ့ ဗိုလ်ကြီးအောင်ထက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ဦးစီးအရာရှိအဆင့်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ်ရုံးက ဗိုလ်ကြီး ကျော်သီဟထွန်း၊ ဗိုလ်ကြီး ကျော်ဇင်ထွန်းနဲ့ ဗိုလ်ကြီး ထက်ဝေအောင်ကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနတွေမှာ ဦးစီးအရာရှိ၊ လက်ထောက်မန်နေဂျာ ရာထူးတွေနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ကြီး ဟိန်းလင်းထက်၊ ဗိုလ်ကြီး အောင်ကျော်သူ၊ ဗိုလ်ကြီး သူဟန်လင်း၊ ဗိုလ်ကြီး အောင်မြင့်မြတ်၊ ဗိုလ်ကြီး အောင်ဇော်ထိုက်တို့ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးနဲ့ စားသုံးသူရေးရာ ဦးစီးဌာနတွေကို ဦးစီးအရာရှိနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အစိုးရတာဝန်ယူချိန်ကာလက အခုလို စစ်ဘက်ကနေ အရပ်ဘက် ပြောင်းတဲ့ကိစ္စ သိပ်မရှိခဲ့ပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အခုလို ပြောင်းရွှေ့မှုတွေ ရှိနေတာပါ။

အာဏာရှင် ဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဗိုလ်ကြီး ကောင်းသူဝင်းကတော့ စစ်တပ်အရာရှိတွေ အရပ်ဘက်ဝန်ကြီးဌာနတွေကို ပြောင်းတာဟာ စစ်တပ်အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေရဖို့နဲ့ အရပ်ဘက် ဝန်ကြီးဌာနတွေကို ပိုပြီးထိန်းချုပ်ချင်တာကြောင့်လို့ RFA ကို ဖြေဆိုထားဖူးပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ခြောက်လအတွင်း ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့် အယောက်လေးဆယ်ကို မြန်မာ့စီးပွားရေးဘဏ်၊ ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဆောက်လုပ်ရေး၊ စက်မှု၊ စီးပွားကူးသန်း၊ ဟိုတယ်ခရီး၊ အားကစားနဲ့ လူငယ်ရေးရာ ဝန်ကြီးဌာနတွေကို ပြောင်းရွှေ့ခဲ့တယ်လို့ မြန်မာနိုင်ငံ ပြန်တမ်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org