မန္တလေးက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

မန္တလေးမြို့က စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို စက်တင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။

မန္တလေးမြို့ ၊ နန်းတွင်းမြို့ရိုးတစ်နေရာအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဥ်။

မန္တလေးမြို့က စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို စက်တင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၂ နာရီခွဲမှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာ နေထိုင်သူ မြို့ခံတစ်ဦးကလည်း ဒီနေ့မနက်အစောပိုင်းမှာ ပေါက်ကွဲသံကျယ်တွေ ကြားရကြောင်း RFA ကို ပြောပါတယ်။

“၂ နာရီ ၃၈ မိနစ်လောက်မှာ သုံးလေးချက်လောက် ကြားလိုက်ရတယ်။ အသံကတော့ တော်တော်ကျယ်တယ်။ ကြီးမယ်ထင်တယ်။ ရွှီခနဲ ကြားလိုက်တယ်။ ရှော့တိုက်ဒုံး ဖြစ်မယ်”

ဒီတိုက်ခိုက်မှုဟာ Brave Warriors for Myanmar (BWM) ရဲ့ စီမံမှုနဲ့ Shadow Mandalay အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၂ ကြိမ်မြောက် စစ်ဆင်ရေးအဖြစ် လုပ်ဆောင်တာ ဖြစ်တယ်လို့ BWM က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်ပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဟာ စစ်ကောင်စီရဲ့ အားထားရတဲ့ စစ်တိုင်းဌာနချုပ် ဖြစ်လာတာကြောင့် အရေးပါတဲ့ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်တာလို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

လက်ရှိမှာ မန္တလေးတိုင်းထဲက မိုးကုတ်၊ စဉ့်ကူး၊ တကောင်း၊ သပိတ်ကျင်းစတဲ့ မြို့တွေကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးထားရပြီး ပြင်ဦးလွင်မြို့ဟာလည်း စစ်ရေးအရ ခြိမ်းခြောက်ခံနေရပါတယ်။ ဒါကြောင့် စစ်ကောင်စီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့ကို လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

Brave Warriors for Myanmar (BWM) နဲ့ Shadow Mandalay အဖွဲ့တို့ဟာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက် နဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာလည်း ရှေ့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org