နိုင်ငံရေးဆွေးနွေးပွဲကို စစ်တပ်ငြင်းပယ်လို့မရကြောင်း အပစ်ရပ်အဖွဲ့တွေပြော

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို စစ်တပ်အနေနဲ့ ငြင်းပယ်လို့ မရကြောင်း ပြောဆိုလိုက်ပါတယ်။

၇၇ နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်‌တော်မှာ တွေ့ရစဉ် Photo: Xinhua

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို စစ်တပ်အနေနဲ့ ငြင်းပယ်လို့ မရကြောင်း တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ဧပြီ ၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။

NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေရဲ့ ညီလာခံ ဒုတိယပိုင်းကို မတ် ၂၉ ရက်ကနေ ဧပြီ ၃ ရက်အထိ ပြုလုပ်ခဲ့တာပါ။ ညီလာခံအပြီး ဒီနေ့ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်တပ်ဟာ အချိန်ကာလ တစ်ခုကျရင်တော့ သူတို့ကိုယ်တိုင် အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၊ ပြည်သူ့ကာကွယ်ရေးတပ် ( PDF) တို့ကို လက်ခံ ဆွေးနွေးရမှာပဲလို့ အပစ်ရပ်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ပြောပါတယ်။

“အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးဘူးဆိုတာသည် သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ သဘောထားပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ယုံကြည်တာသည် ဆွေးကို ဆွေးနွေးရလိမ့်မယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေးရှုမယ်ဆိုရင် ဘယ်အဖွဲ့အစည်းမဆို တစ်ချိန်ချိန်မှာ စားပွဲဝိုင်းမှာ ရောက်ရလိမ့်မယ်”

ဒါပေမဲ့ ဘယ်အချိန်လဲဆိုတာတော့ မပြောနိုင်ဘူးလို့ ရဲဘော်မျိုးဝင်းက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဆွေးနွေးပွဲတွေဖြစ်လာဖို့ ခက်ခဲနေသေးတယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှာမဟုတ်ဘဲ နှိမ်နင်းသွားမယ်လို့ မတ်လ ၂၇ ရက်မှာ ပြောဆိုခဲ့ပါတယ်။

အပစ်ရပ် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံကလည်း လက်ရှိနိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ သွားဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကတော့ ညီလာခံကို မတက်ရောက်ခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org