ရေကြည်မှာ ရခိုင်စစ်ဘေးဒုက္ခသည် ဆယ်ဦးထက်မနည်း ဖမ်းဆီးခံရ

ရေကြည်မြို့နယ်မှာ ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ဆယ်ဦးထက်မနည်းကို AA ထံ သတင်းပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ရေကြည်ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ဆယ်ဦးထက်မနည်းကို အာရက္ခတပ်တော် (AA) ထံ သတင်းပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ရေကြည်ဒေသခံတွေက ပြောပါတယ်။

ရေကြည်မြို့နယ် မြောက်စမ်းရွာမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဂွ-ငါးသိုင်းချောင်း လမ်းအနီးမှာ အခြေစိုက်ထားတဲ့ အမတ - ၃၄၄ အမြောက်တပ်က ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ (စစ်ကောင်စီတပ်) စစ်ဘေးရှောင်တွေကို ဖမ်းတာတော့ ဟုတ်တယ်။ အနည်းဆုံး ဆယ်ဂဏန်းရှိတယ်။ အဓိက ကတော့လေ ဖမ်းတဲ့အကြောင်းအရင်းက မသင်္ကာမှုပေါ့။ မသင်္ကာမှုဆိုတာ ရခိုင်ဘက်ကနေပြီးတော့ AA သတင်းပေးလို့ ယူဆတဲ့သူတွေအနေနဲ့ ဖမ်းတာပါ”

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား အများစုပါဝင်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကတော့ ကျုံပျော်မြို့နယ်မှာ ရခိုင်ပြည်နယ်က စစ်ဘေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံ ကိုးဆယ်ခန့်ကို ဧည့်စာရင်းအကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းနဲ့ နယ်မြေချင်း ဆက်နေတဲ့ ရခိုင်ပြည်နယ် ဂွမြို့ကို သိမ်းပိုက်နိုင်ရေး AA က ထိုးစစ်ဆင်ချိန် အမတ - ၃၄၄ အမြောက်တပ်မှာ လေယာဥ်ကွင်းဖောက်တာ အပါအဝင် စစ်ရေး ပြင်ဆင်တာတွေ လုပ်နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org