ကချင်သိက္ခာတော်ရ ဆရာတော်တစ်ဦး စစ်ကောင်စီဖမ်းဆီး

ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာက ကချင်ခရစ်ယာန်အဖွဲ့ချုပ် (KBC)ရဲ့ သိက္ခာတော်ရဆရာတော် မဒိန်ခေါဘောမ် (Rev. Mading Hkaw Bawm) ကို ရွာလမ်းဖျက်ဆီးနေတာကို ဖုန်းနဲ့ဗီဒီယိုရိုက်ကူးမှုနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးသွားပါတယ်။

စစ်ကောင်စီတပ် ဖမ်းဆီးခံနေရသည့် ကချင်သိက္ခာတော်ရ ဆရာတော် မဒိန်ခေါဘောမ်။ Facebook/Hkaw Bawm Mading

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာက ကချင်ခရစ်ယာန်အဖွဲ့ချုပ် (KBC)ရဲ့ သိက္ခာတော်ရဆရာတော် မဒိန်ခေါဘောမ် (Rev. Mading Hkaw Bawm) ကို ရွာလမ်းဖျက်ဆီးနေတာကို ဖုန်းနဲ့ဗီဒီယိုရိုက်ကူးမှုနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဇူလိုင်လ ၁၇ ရက် မနေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ဆရာတော်ကို ဒီနေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က နေ့လယ် ၁၂ နာရီလောက်က ဖမ်းသွားတာ။ အခုထိတော့ မလွတ်သေးဘူး။ အခုကျွန်တော်တို့ သိရသလောက်တော့ မနေ့က လမ်းကို ဘက်ဖိုးနဲ့ တူးနေတဲ့ဟာတွေ ပုံရိုက်တာကြောင့်ပေါ့။ အခုထိတော့ ဘယ်ကို ခေါ်ထားလဲတော့မသိဘူး။ လူတွေ့တာလည်း မရှိဘူး”

ဇူလိုင် ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ကျေးရွာလမ်းတွေကို စက်ယန္တယားနဲ့ တူးနေတာကို ဖုန်းနဲ့ရိုက်ပြီး မီဒီယာတွေကို ပေးလိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာလို့ ကနဦး သိထားရတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာလည်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရာကနေ ၂၀၂၄ ဧပြီ ၁၇ ရက်က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာခဲ့ပေမဲ့ စစ်ကောင်စီက အဲဒီနေ့ညမှာ ပြန်လည်ဖမ်းဆီးထားပြီး အခုထိ ပြန်လွှတ်ပေးတာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org