အမေရိကန်နိုင်ငံသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

အမေရိကန်နိုင်ငံသားတစ်ဦး မြန်မာပြည်တွင်းမှာ ဖမ်းဆီးခံထားရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူက RFA ကို ဇူလိုင်လ ၂၂ ရက် ဒီနေ့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ် Photo: STR / AFP

အမေရိကန်နိုင်ငံသားတစ်ဦး မြန်မာပြည်တွင်းမှာ ဖမ်းဆီးခံထားရတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူက RFA ကို ဇူလိုင်လ ၂၂ ရက် ဒီနေ့ ပြောပါတယ်။

"အမေရိကန်နိုင်ငံသားတစ်ဦး မြန်မာနိုင်ငံမှာ အဖမ်းခံထားရတယ်ဆိုတာ သိရှိ ထားပါတယ်"

ဖမ်းဆီးခံရသူဟာ ဘယ်သူဘယ်ဝါဆိုတာနဲ့ သူဟာ ဘယ်အချိန်မှာ ဖမ်းဆီးခံရတယ်၊ ဘယ်မှာ ထိန်းသိမ်းထားတယ် စတဲ့ အသေးစိတ်အချက်အလက်တွေကို မေးမြန်းခဲ့ရာ မှာတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဖြေကြားနိုင်ခြင်း မရှိဘူးလို့ သံရုံးပြောခွင့်ရသူက တုံ့ပြန်ပါတယ်။

နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေကို အကူအညီပေးဖို့အတွက် လေးနက်တဲ့ ကတိကဝတ်တွေထားပြီး သင့်လျော်တဲ့ အကူအညီတွေကိုလည်း ပံ့ပိုးနေတယ် လို့ သူက ပြောပါတယ်။

RFA က သီးခြားရရှိတဲ့ သတင်းတွေအရ… မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားတစ်ဦး နေပြည်တော်အချုပ်ထောင်မှာ တစ်နှစ်နီးပါး ဖမ်းဆီးခံထားရပြီးနောက် ပြီးခဲ့တဲ့ဇွန်လ ပထမပတ်မှာ အမှုတစ်ခုနဲ့ ထောင်ခုနစ်နှစ် ချမှတ်ခံရပြီး ရမည်းသင်းထောင်ကို ပို့ဆောင် ထားခံရတယ်လို့ သိရပါတယ်။ မိသားစုရဲ့ ဆန္ဒသဘောထားအရ ဖမ်းဆီးခံထားရသူရဲ့ နာမည်ကို ဖော်ပြနိုင်ခြင်း မရှိပါဘူး။

Frontier Myanmar သတင်းဌာနမှာ အလုပ်လုပ်ခဲ့တဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားကိုတော့ စစ်ကောင်စီက ၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org