ကိုဂျင်မီအပေါ် စစ်ကောင်စီရဲ့ စွပ်စွဲချက် မိသားစုလက်မခံ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီကို အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၂ နာရီက ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းက ပင်လုံအိမ်ရာဝင်းက နှစ်ထပ်တိုက်တစ်လုံးမှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယုကို တွေ့ရစဉ် Photo: CJ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီကို အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၂ နာရီက ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းက ပင်လုံအိမ်ရာဝင်းက နှစ်ထပ်တိုက် တစ်လုံးမှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ချက်မှာ စွပ်စွဲ ထားပါတယ်။

ကိုဂျင်မီရဲ့ဇနီး မနီလာသိန်းကတော့ စစ်ကောင်စီရဲ့ စွပ်စွဲထုတ်ပြန်ချက်ကို လက်မခံနိုင်ဘူးလို့ RFA ကို ပြောပါတယ်။

“ကိုဂျင်မီကတော့ သူ့ရဲ့ စစ်ကြောရေးမှာ အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့တော့ ယုံကြည်တယ်။ စစ်ကောင်စီရဲ့ ပြောကြားချက် တင်ပြချက်တိုင်းဟာ အလုံးစုံ မှန်ကန်တယ်ဆိုတာ မရှိခဲ့ပါဘူး။ လူတိုင်းလည်း သိတယ်။ ကျမ တို့ပြည်သူလူထု နှစ်ပေါင်းများစွာ သူတို့ရဲ့ယုတ်မာမှု ကောက်ကျစ်မှု လိမ်လည်မှုတွေကို အားလုံးက ပုံစံမတူတဲ့ အနေအထားတွေနဲ့ တွေ့ကြုံခံစားခဲ့ရတာပါ”

အဖမ်းခံထားရသူတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတဲ့ ကျင့်ဝတ်လည်း စစ်ကောင်စီမှာ မရှိတာကြောင့် သူတို့ လက်ထဲ ရောက်တဲ့သူတိုင်းကို မတရားညှဉ်းပန်းနှိပ်စက်ပြီး ထွက်ဆိုခိုင်းတာတွေကို ပြည်သူတွေ အားလုံး ကလည်း သိပြီးဖြစ်လို့ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို လုံးဝလက်မခံဘူးလို့ မနီလာသိန်း ပြောပါတယ်။

ကိုဂျင်မီဟာ ရန်ကုန်မြို့မှာ အကြမ်းဖက်တဲ့လုပ်ရပ်တွေ စီစဉ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သလို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက် လုပ်ဆောင်ခဲ့သူ ဖြစ်တယ်လို့လည်း စစ်ကောင်စီဘက်က စွပ်စွဲ ထားပါတယ်။

သူ့ကို ပုဒ်မ ၅၀၅ (ခ)အပြင် ပုဒ်မ ၅ဝ၅ (က)၊ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၁၂၄၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေ၊ လက်နက်ဆိုင်ရာ ဥပဒေတွေနဲ့ပါ အရေးယူ သွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန် ချက်မှာပါတယ်။ ဒီပုဒ်မတွေ အားလုံးနဲ့ အရေးယူမယ်ဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်စုစုပေါင်းဟာ ထောင်ဒဏ် အနှစ် ၃၀ ကနေ ၄၅ နှစ်အထိရှိပါတယ်။

ကိုဂျင်မီဟာ ရန်ကုန်မြို့မှာ အကြမ်းဖက်လုပ်ရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့သူဖြစ်လို့ အခုလို ပုဒ်မတွေနဲ့ အရေးယူဖို့ ပြင်ဆင်နေတာလို့ စစ်ကောင်စီ၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“သူ့ကိုတော့ အရင်ကတည်းက ၅၀၅ နဲ့ ကျနော်တို့က အမှုဖွင့်ထားပြီး ဖြစ်တယ်။ အခု လက်နက်တွေပါ မိတဲ့အတွက် လက်နက်နဲ့ပတ်သက်တဲ့ ဥပဒေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေ၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ဒါတွေနဲ့ ဆက်လက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော် အနေနဲ့ ပြောချင်တာကတော့ တာဝန်သိ ပြည်သူ လူထုအနေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒီလိုမျိုး ဖမ်းဆီးရမိတာ ရှိပါတယ်”

ကိုဂျင်မီဟာ တွံတေး၊ အင်းစိန်နဲ့ လှည်းကူးမြို့နယ် သုံးခုမှာ တိုက်ခိုက်ရေးတွေ ပြုလုပ်ခဲ့ပြီး ကျန်တဲ့ ရန်ကင်း၊ မင်္ဂလာဒုံ၊ ဒလ၊ သာကေတ၊ ဒဂုံတောင်နဲ့ လှိုင်သာယာမြို့နယ်တွေမှာတော့ တိုက်ခိုက်မှုတွေ မလုပ်ဆောင် နိုင်ခင် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

"ကိုဂျင်မီလို့ပဲ တော်လှန်ရေးမျိုးဆက်ကို ဆက်ခံပြီးတော့ ရှေ့ဆက်တိုက်ပွဲဝင်မယ့် လူတွေလည်း ရှိနေဦးမှာပါပဲ"

စစ်ကောင်စီက ကိုဂျင်မီနဲ့အတူ ဖမ်းမိတာဆိုပြီး AK – 47 သေနတ် ခြောက်လက်၊ M – 16 သေနတ် ရှစ်လက်၊ ၁၂ ဗို့ သေနတ် နှစ်လက်၊ ဒေသန္တရ လက်လုပ်သေနတ် တစ်လက်၊ ကျည်အိမ် ၁၈ ခုတို့နဲ့ အတူ ကိုဂျင်မီ ကိုလည်း ဒူးထောက် ထိုင်ခိုင်းထားတဲ့ပုံကို ရုပ်မြင်သံကြားနဲ့ စစ်ကောင်စီပိုင် သတင်းစာတွေမှာ ထုတ်ပြန် ခဲ့တာပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီရဲ့ဗဟိုကော်မတီဝင် ဦးကျော်ထွေးကတော့ ဒါဟာ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ပြီးတော့ ရွံ့ရွံ့ချွန်ချွန် တော်လှန်ကြသူတွေ၊ မတရားမှုကို လက်မခံကြတဲ့ ကျောင်းသား ပြည်သူတွေ၊ ဒီမိုကရေစီကို မြတ်နိုးကြတဲ့သူတွေ အားလုံးကို စိန်ခေါ်လိုက်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

“ကိုဂျင်မီကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာတဲ့ လူတစ်ယောက်ပါ။ ယုံကြည်ချက်ရော၊ ရပ်တည်ချက် ရော မှန်ကန်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ကိုဂျင်မီ အဖမ်းခံသွားရတယ် ဆိုပေမယ့်လည်း နောက်ထပ် ဂျင်မီတွေ အများကြီး ရှိနေဦးမှာပါပဲ။ ကိုဂျင်မီလို့ပဲ တော်လှန်ရေးမျိုးဆက်ကို ဆက်ခံပြီးတော့ ရှေ့ဆက် တိုက်ပွဲဝင်မယ့် လူတွေလည်း ရှိနေဦးမှာပါပဲ”

တော်လှန်ရေးကာလမှာ ဒီလို ဖြစ်စဉ်မျိုးတွေ အများကြီးရှိပေမယ့် ကိုဂျင်မီကို လက်နက်တွေရှေ့မှာ အခုလို ဒူးထောက်ထိုင်ခိုင်းတာဟာ လူ့ဂုဏ်သိက္ခာကို သက်သက်မဲ့ ညှိုးနွမ်းအောင် လုပ်တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

(ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီကို အောက်တိုဘာလ ၂၄ ရက်နေ့က လက်နက်များနှင့်အတူ ဖမ်းဆီးမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားစဉ်။)

ကိုဂျင်မီဟာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကာလမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်သလို၊ ၁၉၈၈ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာလည်း ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်ခဲ့ပါတယ်။ စစ်အစိုးရ ခေတ်အဆက်ဆက်မှာ နှစ်ရှည်ထောင်ချခံရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းမှာ ခေါင်းဆောင် တစ်ဦးအဖြစ် ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း အဖမ်းခံရသူတွေကို စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းလို့ သေဆုံးတာတွေ ရှိနေတဲ့အတွက် ကိုဂျင်မီအသက်အန္တရာယ်နဲ့ ပတ်သက်လို့လည်း မိသားစုက အထူးစိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။

အလားတူ ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးကလည်း ကိုဂျင်မီအပါအဝင် ဖမ်းဆီးခံနေရတဲ့ ဒီမိုကရေစီ လိုလားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူတွေကို လွှတ်ပေးဖို့ အောက်တိုဘာလ ၂၅ ရက် နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုဝင်လာလ ၆ ရက်နေ့အထိ ကိုဂျင်မီ အပါအဝင် စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ စုစုပေါင်း ၉,၈၄၆ ယောက် ရှိပြီး လူ ၁,၂၄၃ ယောက်ဟာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလမှာ စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသား ၅၀၀၀ ကျော်ကို လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမယ့် အဲဒီလိုကြေညာ ထားတဲ့သူအားလုံး ပြန်လွတ် မလွတ်ဆိုတာ စစ်ကောင်စီဘက်က အတိအကျ ထုတ်ပြန်တာမရှိသလို၊ တခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေကလည်း အတည်မပြုနိုင်သေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org