လက်နက်ကိုင်ပဋိပက္ခ လူထုလိုအပ်ချက် မဖြည့်ဆည်းနိုင်

မြန်မာ့ပဋိပက္ခမှာ ပါဝင်သူတွေကလည်း နိုင်ရင်နိုင်၊ ရှုံးရင်ရှုံး အပြီးအပြတ်စိတ်ဓာတ်ကို စွန့်လွှတ်ဖို့လည်း Julie Bishop က တိုက်တွန်းပါတယ်။

နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား၌ စစ်ရေးပြနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ STR / AFP

မြန်မာ့ပဋိပက္ခက အရှိန်ပိုမြင့်လာ၊ ရာဇဝတ်ကွန်ရက်တွေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီး လူထုက မကြုံစဖူး ထိခိုက်နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Julie Bishop က သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ လူ့အခွင့်အရေးကော်မတီ အစည်းအဝေးမှာ အင်္ဂါနေ့က ပြောကြားခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က Julie Bishop ကို အထူးကိုယ်စားလှယ်အဖြစ် ဧပြီက ခန့်အပ်ပြီးနောက် ကုလသမဂ္ဂမှာ ပထမဆုံး အစီရင်ခံတာလည်း ဖြစ်ပါတယ်။

မြန်မာ့ပဋိပက္ခမှာ ပါဝင်သူတွေကလည်း နိုင်ရင်နိုင်၊ ရှုံးရင်ရှုံး အပြီးအပြတ် စိတ်ဓာတ်ကို စွန့်လွှတ်ဖို့လည်း တိုက်တွန်းပါတယ်။

နိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ရှိနေတဲ့အတွက် ပြည်သူလူထုက လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောကြားပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဆော်သြပါတယ်။

သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီးဟောင်း Julie Bishop ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ Julie Bishop က မပြောပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org