ရုပ်သံမီဒီယာ ဥပဒေမူကြမ်းရေးဆွဲရန် စတင်ပြင်ဆင်
2012.09.25

ဒီမိုကရက်တစ် မြန်မာ့အသံ၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဆွီဒင်ရေဒီယိုတို့ ပူပေါင်းကျင်းပတဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဆွေးနွေးပွဲကို ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် ကျင်းပတာဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီးဦးရဲထွဋ်က အသံလွှင့် မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်လို့ RFA ကို ခုလိုပြောပါတယ်။
"စတင်ရေးဆွဲတယ်လို့ ပြောတာထက်စာရင် ကျွန်တောာ်တို့ စပြီးတော့ အခြေခံမူဘောင်ပေါ့။ ဖရိန်ဝေါ့ကို စတင်ပြီးတော့ ချနေတာလို့ ပြောလို့ရပါတယ်။ အခန်းတစ်ခုမှာ ဒါတွေ ဒါတွေပါသင့်တယ်။ ဒါကိုပဲ ကျွန်တော်တို့က လုပ်နေသေးတာ။ ဒါပြီးရင်တော့ ကျွန်တော်တို့ဝန်ကြီးရဲ့ မူဝါဒက ဒါနဲ့ပတ်သက်တဲ့ ပါဝင်တဲ့ လူအားလုံး ဝိုင်းဝန်းဆွေးနွေး အကြံပြုခွင့် ရတာပေါ့။ နိုင်ငံတကာ အဖွဲ့အစည်းတွေ လာအကြံပြုခွင့် ရတာပေါ့။ အဲဒါပြီးမှာ ကျွန်တော်တို့ မူကြမ်းဆိုတာကို အဆင့်ဆင့်သွားရမှာပါ"
ဥပဒေကြမ်းရေးဆွဲပြီးနောက်ပိုင်း အသံလွှင့်မီဒီယာ လုပ်ငန်းတွေက တာဝန်ရှိသူတွေ ပါဝင်တဲ့ အသံလွှင့်မီဒီယာ ကော်မတီကို ဖွဲ့စည်းသွားမယ်လို့ သိရပြီး လက်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် မီဒီယာလုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့အလင်း၊ ကြေးမုံ စတဲ့ သတင်းစာ လုပ်ငန်းတွေကိုလည်း ပြည်သူ့ဝန်ဆောင်မှု မီဒီယာလုပ်ငန်းအဖြစ် ပြောင်းလဲဖို့ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဒု ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသွားပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဆွေးနွေးပွဲကို ပြည်တွင်း ပြည်ပမှ သတင်းစာဆရာတွေ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ သတင်းစာဆရာသမဂ္ဂ (MJU)၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA)၊ မြန်မာနိုင်ငံ သတင်းထောက်များကွန်ယက် (MJN) တို့မှ တာဝန်ရှိပုဂ္ဂိုလ်တွေအပြင် ဦးခိုင်မောင်ရည်၊ ဒေါက်တာမြတ်ဉာဏစိုး အစရှိတဲ့ လွတ်တော်ကိုယ်စားလှယ်တွေပါ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။