သိန်းငှက်စစ်ဆင်ရေးမှာ မူးယစ်ဆေးဝါး အမှုပေါင်း ၁၅၀ ကျော် ဖမ်းဆီးမိတယ်လို့ တိုင်း ရဲတပ်ဖွဲ့ပြော


2018.09.29
myoaung-622 မန္တလေးခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မျိုးအောင်ကို ၂၀၁၈၊ စက်တင်ဘာ ၂၉ ရက်နေ့က တိုင်းရဲတပ်ဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျင်းပစဉ်
Photo: Khaymani Win/ RFA

မန္တလေးတိုင်းမှာ ရက်ပေါင်း ၉၀ ကြာ စီမံကိန်းတစ်ခုအနေနဲ့ တိုင်းအစိုးရက အကောင်အထည်ဖော် ဆောင်ရွက် ခဲ့တဲ့ သိန်းငှက်စစ်ဆင်ရေးကာလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၁၅၀ ကျော် ဖမ်းဆီးနိုင်ခဲ့ပြီး အမျိုးသား ၂၀၀ ကျော်နဲ့ အမျိုးသမီး ၃၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တွေ့ရှိချက်တွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် အပတ်စဉ်တိုင်း ဝန်ကြီးချုပ်ထံ တင်ပြရတယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မျိုးအောင်က တိုင်းရဲတပ်ဖွဲ့ရုံးမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"မူးယစ်ဆေးဝါး ကျော်ဇော်တဲ့သူတွေ၊ သုံးစွဲတဲ့သူတွေကို ဖမ်းနေတယ်။ ကျော်ဇောရှိတဲ့သူတွေ ဒီနေ့အထိ အားလုံး ၃၈ ဦး ဖမ်းဆီးပြီးဖြစ်ပါတယ်။ ကျော်ဇောဖောက်ဖျက်နဲ့လည်း အရေးယူဆောင်ရွက်နေပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ လျော့နည်းပပျောက်အောင် ကြိုးစားဆောင်ရွက်နေပါတယ်"

အဲဒီ သိန်းငှက်စစ်ဆင်ရေးကို ဒီ ၂၀၁၈ ခုနှစ် ဇွန်လက စတင်ဆောင်ရွက်ခဲ့ကာ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ကြာမြင့်ခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ နာမည်ကြီး နေရာတွေဖြစ်တဲ့ ကျောက်သပိတ်တာရိုးနဲ့ ဇီးအုပ်နယ်မြေ တို့ကိုလည်း စစ်ဆင်ရေးကာလအတွင်းမှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒုရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

စစ်ဆင်ရေးကာလပြီးဆုံးသွားပေမယ့် နယ်မြေလုံခြုံရေးအတွက် ပိုပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမယ် လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။