အုပ်စုဖွဲ့ အနိုင်ကျင့်တာတွေ ငွေပိုတောင်းတာတွေကို စီမံချက်နဲ့အရေးယူ
2017.10.28

မန္တလေးမှာ ခရီးသည်တွေကို အုပ်စုဖွဲ့အနိုင်ကျင့်တာတွေ ငွေပိုတောင်းတာတွေကို မန္တလေးစည်ပင်သာယာ ရဲတပ်ဖွဲ့ က စီမံချက်ချမှတ်အရေးယူနေတယ်လို့ သိရပါတယ်။
ခရီးသွားအချို့ကို ကားဂိတ်တွေ၊ ဆိုင်ကယ်ကယ်ရီတွေ တက္ကစီသမားတွေ ပူးပေါင်းပြီး ခြိမ်းခြောက်ငွေတောင်း တာတွေ ဖြစ်ပွားမှုများလာတဲ့အတွက် အရေးယူဆောင်ရွက်နေတာဖြစ်တယ်လို့ မန္တလေးစည်ပင်သာယာရဲတပ်ဖွဲ့က ရဲမှူး ငြိမ်းချမ်းအောင်က ပြောပါတယ်။
"အခုအရေးယူတာကတော့ စည်ပင်သာယာဥပဒေနဲ့ အရေးယူတာကတော့ စည်ပင်ရဲတပ်ဖွဲ့နဲ့ အခွန်ဌာန နဲ့ ပေါင်းပြီးတော့အရေးယူတာ၊ ညပိုင်းကိုရောက်လာတဲ့ ခရီးသည်တွေ နှစ်နာရီနဲ့ လေးနာရီ ကြား ရောက်လာတဲ့ခရီးသည်တွေ လုံခြုံမှုရှိဖို့နဲ့ စနစ်တကျ စည်းကမ်းတကျ သွားလိုတဲ့နေရာကို သွားလာနိုင်ဖို့ စည်ပင်သာယာ ရဲတပ်ဖွဲ့အပြင် နယ်မြေခံရဲတပ်ဖွဲ့ရော၊ စည်ပင်သာယာ ဝန်ထမ်းတွေရော နောက်ပြီးတော့ ကားကွင်းက ဂိတ်မှူးတွေပါတဲ့ အဖွဲ့အားလုံးနဲ့ ပူးပေါင်းပြီးတော့ စလုပ်နေပြီ၊ ဆက်ပြီးတော့ စဉ်ဆက်မပြတ်ဆက်လုပ်သွားဖို့ ရှိပါတယ်"
မြန်မာပြည်အထက်ပိုင်းကနေ မန္တလေးကိုလာတဲ့ အဝေးပြေးကားအချို့ဟာ ကားရပ်နားရမယ့် သီရိမန္တလာ ကားကြီးကွင်းထဲအထိ မဝင်ဘဲ လမ်းမှာတင်ခရီးသည်တွေကို အတင်အချ ပြုလုပ်တာကြောင့် ညသန်းခေါင်အချိန် မန္တလေးမြို့ကိုရောက်တဲ့ ခရီးသည်အချို့ကို ဆိုင်ကယ်ကယ်ရီသမားတွေ၊ တက္ကစီသမားတချို့နဲ့ လတ်မှတ်ရောင်းတဲ့ ကားဂိတ်တွေပေါင်းပြီး ငွေပိုတောင်းတာ၊ နောက်ခရီးစဉ်အတွက် လတ်မှတ်ခကို ကျသင့်တာထက် ပိုတောင်းတာ၊ အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ဖြစ်စဉ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားမှုများခဲ့တယ်လို့ သိရပါတယ်။
အဝေးပြေးကားတွေအနေနဲ့ ကားကွင်းထဲမှာပဲ ခရီးသည်အတင်အချလုပ်ဖို့နဲ့ ဆိုင်ကယ်ကယ်ရီတွေ တက္ကစီတွေ အနေနဲ့ စည်းကမ်းတကျ ခရီးသည်သွားလိုရာကို ဝန်ဆောင်မှုပေးနိုင်ဖို့ သက်ဆိုင်ရာ ကားကွင်းက တာဝန်ရှိသူတွေ နဲ့ စည်ပင်သာယာရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီလ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ အရေးယူမှုတွေ ဆောင်ရွက်ရာမှာ စည်ပင်ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဖွင့်ထားတဲ့ ကားလတ်မှတ်အရောင်းဂိတ် ၄ ဂိတ်ကို စည်ပင်သာယာဥပဒေနဲ့ တရားစွဲဆိုထားတယ်လို့သိရပါတယ်။ စည်ပင်ခွင့်ပြုချက်နဲ့ လက်မှတ်ရောင်းဂိတ်ဖွင့်ထားပေမယ့်လည်း သတ်မှတ်နှုန်းထားထက် ငွေပိုတောင်းတာတွေ စိစစ်တွေ့ရှိရင်လည်း အရေးယူသွားမယ်လို့ ရဲမှူး ငြိမ်းချမ်းအောင်က ပြောပါတယ်။