မေဒေးနေ့ နိုင်ငံတော်သမ္မတ သဝဏ်လွှာပို့
အစိုးရသစ်အနေနဲ့ အလုပ် သမားပြဿနာတွေ ဖြေရှင်းရာမှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပါရှိတဲ့ သဝဏ် လွှာကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွေ ကို ပေးပို့ခဲ့ပါတယ်။
-
2016-05-01 -
-
-
အစိုးရသစ်အနေနဲ့ အလုပ်သမားပြဿနာတွေ ဖြေရှင်းရာမှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပါရှိတဲ့ သဝဏ်လွှာကို နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွေကို ပေးပို့ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်က မိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကိုပေးပို့တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ သဝဏ်လွှာကို အလုပ်သမား ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဖတ်ကြားခဲ့ပါတယ်။
"အစိုးရသစ်အနေနဲ့ နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေတဲ့ နိုင်ငံရေးရည်မှန်းချက် အကောင်အထည်ပေါ်လာခြင်းအတွက် မဆုတ်မနစ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွား မှာဖြစ်သလို အလုပ်သမားများနဲ့လက်တွဲပြီး လူမှုရေးအပေါ်အခြေခံတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမား၊ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်သွား မှာဖြစ်ပါတယ်၊ ဒါ့အပြင် ခေတ်စနစ်အခြေအနေများနှင့် လိုက်လျောညီထွေမှုမရှိတဲ့ ဥပဒေများကို လည်း ပြင်ဆင်ရေး ဆွဲ ဆောင်ရွက်လျှက်ရှိပါတယ်"
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ကာလအတွင်း မှတ်ပုံတင်မရှိသေးတဲ့ အလုပ်သမားတွေကို မှတ်ပုံတင် ရရှိအောင်ဆောင်ရွက်ပေးဖို့နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မိသားစုဝင်တွေကိုလည်း မှတ်ပုံတင် အထောက် အထားထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေကြောင်းလည်း ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ကျင်းပတဲ့ အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ အစိုးရကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် လှိုင်သာယာမြို့နယ်က အလုပ်သမားတွေက နဝဒေးအိမ်ရာရှေ့ကနေ မိုးလုံလေလုံ အားကစားကွင်းထိ လမ်းလျှောက်ပြီး ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုခဲ့ပါတယ်။
နေပြည်တော် ပျဉ်းမနား သကြားစက်ရုံ၊ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က ကနောင်ခန်းမ၊ ရေနံချောင်း နဲ့ ချောက်မြို့တွေမှာလည်း အလားတူ အခမ်းအနားတွေကို ကျင်းပခဲ့ပါတယ်။