စက်ရုံပိတ်ထားရချိန်မှာ အလုပ်သမားတွေကို အစိုးရထောက်ပံ့မည်


2020.05.01
garment-workers-622.jpg ရန်ကုန်မြို့အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို တွေ့ရစဉ်
Photo: RFA

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် အလုပ်အကိုင် အခြေအနေ ပြောင်းလဲသွားချိန်မှာ အလုပ်လက်မဲ့ ဖြစ်သွားသူတွေ ထောက်ပံ့ကြေးရရှိနိုင်ဖို့ စီစဉ်ထားတယ်လို့ ဒီကနေ့ မေ ၁ ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမား နေ့အတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။

ဒါဟာ လူမှုဖူလုံရေးအာမခံကြေး ထည့်ဝင်ထားသူတွေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

“COVID-19 ကပ်ရောဂါနှင့် အထွေထွေရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွားသည့် အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံကြေး ထည့်ဝင်ထားသည့် အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်များ ကို အလုပ်လက်မဲ့ဖြစ်သည့်နေ့မှ တစ်နှစ်အထိ တိုးမြှင့်ခံစားနိုင်ရန် စီမံဆောင်ရွက်ထားပါသည်
” လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ ဧပြီ၂၈ ရက်စွဲတပ် ကြေညာချက်မှာလည်း အစိုးရညွှန်ကြားချက်တွေကို လိုက်နာပြီး ယာယီရပ်နားခဲ့တဲ့စက်ရုံတွေက  အလုပ်သမားတွေကို ထောက်ပံ့ကြေး ထုတ်ပေးမယ်လို့ ရေးသားထားပါတယ်။

စက်ရုံအလုပ်ရုံတွေမှာ လူမှုဖူလုံရေး မှတ်ပုံတင်ထားတဲ့ အာမခံ အလုပ်သမားတွေအတွက် ဧပြီ၂၀ ရက်နေ့က စတင်ပြီး၊  ရပ်နားထားတဲ့ ရက်တွေအလိုက် ထည့်ဝင်ကြေးပေးသွင်းထားတဲ့ လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်းကို၊  အကျိုးခံစားခွင့်အဖြစ် ထုတ်ယူခံစားခွင့်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက်  ဧပြီ ၂၀ ကနေ ၃၀ အတွင်း၊  လုပ်ငန်းခွင် စစ်ဆေးမှုတွေပြုလုပ်နေစဉ်မှာ စက်ရုံအလုပ်ရုံအလုပ်ဌာနတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားတဲ့ ဧပြီ ၁၈ ရက်နေ့ ထုတ်ပြန်ချက်မှာ  စည်းကမ်းချက်တွေနဲ့  ကိုက်ညီမှသာ စက်ရုံပြန်ဖွင့်ခွင့်ပေးမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီညွှန်ကြားချက်ကိုလိုက်နာခဲ့တဲ့စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေက အလုပ်ရှင်တွေအနေနဲ့ အလုပ်သမား တွေအတွက်၊ လူမှုဖူလုံရေးခံစားခွင့်ကို ထုတ်ယူဖို့ လျှောက်ထားနိုင်တယ်လို့ ဧပြီ ၂၈ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂများအဖွဲ့ချုပ် CTUM က လက်ထောက် အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးက အလုပ်သမားအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်အတိုင်း  လုပ်ဆောင်ပေးတဲ့အတွက် အစိုးရကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အစိုးရမှာဆက်ပြီး စိစစ်စရာတွေ ရှိလာလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

“လုပ်ငန်းရှင်တချို့က အလုပ်သမားတွေကို လုပ်သက်ခွင့် ရှောင်တခွင်ခွင့်ရက်ယူခိုင်းပြီး ဒီခွင့်ရက်တွေအတွက် အလုပ်ရှင်ကပေးဖို့တာဝန်ရှိပေမယ့် ခွင့်ရက်နဲ့ အစိုးရပိတ်ရက်နဲ့ ရောထွေးကာ လူမှုဖူလုံရေးကနေ ပိုက်ဆံထုတ် ပြီးပေးဖို့ ပြင်နေတာမျိုးတွေ သတင်းကြားနေရပြီး နည်းလမ်းအမျိုးမျိုးနဲ့ အလွဲသုံးစားပြုလုပ်ကာ အလုပ် သမားတွေအနေနဲ့ အဲ့ဒီခံစားခွင့်ကို မရရှိတာမျိုးတွေ ဖြစ်လာနိုင်လို့ သေချာစိစစ်သင့်တယ်” လို့ မဖြိုးစန္ဒာစိုးက ပြောပါတယ်။

လူမှုဖူလုံရေးကြေးမသွင်းဘဲ ရှောင်နေတဲ့အလုပ်ရှင်တွေလည်း ရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ မြို့နယ်အလိုက်မှာရှိတဲ့ လူမှုဖူလုံရေးအဖွဲ့ရုံးတွေကိုသွားပြီး ကိုယ့်အတွက် အလုပ်ရှင်က လူမှုဖူလုံရေးကြေး ထည့်ပေးထားမထား စိစစ်သင့်ကြောင်းလည်း သူက တိုက်တွန်းပါတယ်။

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မူဇုံက တရုတ်နိုင်ငံသားပိုင်တဲ့ SDI အထည်ချုပ်စက်ရုံက မဝေဝေလင်း ကတော့ လူမူဖူလုံရေးကြေးသွင်းထားပေမယ့် လက်ရှိချိန်အထိ လူမှုဖူလုံရေးကတ် မရသေးတာ ကြောင့် သူ့အနေနဲ့ လူမှုဖူလုံရေးကြေး ပေးဆောင်ခဲ့ရပေမယ့် အခုပေးမယ့်ခံစားခွင့်ကို မရမှာစိုးရိမ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအနေအထားအရ လူမှုဖူလုံရေး အကျုံးဝင်ထားတဲ့ အာမခံ အလုပ်သမား ၁.၅ သန်းရှိပြီး ပိတ်လိုက်တဲ့ စက်ရုံအလုပ်ရုံတွေမှာ  လုပ်ကိုင်နေသူ အများစုနဲ့  အကျုံးဝင်တယ်လို့လည်း CTUM က မဖြိုးစန္ဒာစိုးက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။