ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် က တိုင်းလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ၄ ဦးကို အမှုဖွင့်


2016.10.26
seinwin-622.jpeg မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ကို တွေ့ရစဉ်
ဓါတ်ပုံ - မအူပင်စိန်ဝင်း ဖေ့စ်ဘွတ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက မအူပင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေး အပါအဝင် ၄ ဦးကို လိမ်လည်မှုပုဒ်မ ၄၂၀ ၊ အသရေ ဖျက်မှု ပုဒ်မ ၅၀၀ တွေနဲ့ မအူပင်မြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က အမှုဖွင့်ထားပါတယ်။

မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက အော့ချက်(ဒ်) ကုမ္ပဏီပိုင်ရှင်နဲ့ ဦးသက်ကိုလေး တို့ဟာ သူ့ရဲ့လက်မှတ်နဲ့ မမှန်မကန်တဲ့ စာသားတွေကို ဖြန့်ဝေခဲ့တာကြောင့် အမှုဖွင့်လိုက်တာ ဖြစ်တယ် လို့ ပြောပါတယ်။

"အန်ကယ်ရဲ့လက်မှတ်တွေကို အသုံးပြုပြီးတော့ သူတို့က ဖြတ်ညှပ်ကပ်တွေ၊ မမှန်မကန် စာရွက်စာ သားတွေ ဖော်ပြပြီးတော့ အဲစာရွက်တွေပါတဲ့ဟာကို တောင်သူလယ်သမားတွေကို ဝေတာ၊ တောင်သူ လယ်သမားတွေက ကိုယ်စားလှယ်ကြီး အရင်တုန်းကတော့ ကျနော်တို့ဘက်က ထောက်ခံပြီးတော့ အခု ကျတော့ ဒေါက်တာ မြင့်စိန်ဘက်က ထောက်ခံတယ်၊ ဘာ့ကြောင့် ဒီလိုဖြစ်တာလဲ၊ ဥပဒေအတိုင်း အရေးယူပေး ရင်ပေး၊ မပေးရင် အန်ကယ်နဲ့ NLD ကို ဆန္ဒပြမယ် ဆိုတဲ့အထိ စောဒက တက်လာတဲ့အတွက်အန်ကယ်က ၂၁ ရက်နေ့မှာ အမှုဖွင့်လိုက်တယ်၊ ၂၂ ရက်နေ့မှာ အမှုကို လက်ခံတယ်၊ အဓိက ကတော့ အော့ချက်(ဒ်) ကုမ္ပဏီ ပိုင်ရှင် ဒေါက်တာမြင့်စိန်က အဓိက ကျပါတယ်၊ ဟို ၃ ဦး ကတော့ ဖြန့်ဝေတဲ့ပုံစံနဲ့ သူတို့က ပါဝင်ပတ်သက်နေ တာ ဖြစ်ပါတယ်"

အော့ချက်(ဒ်) ကုမ္ပဏီ ပိုင်ရှင် ဒေါက်တာမြင့်စိန်၊ မအူပင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးသက်ကိုလေး၊ မအူပင်မြို့နယ် NLD ပါတီဥက္ကဌ ဦးမောင်မောင်နဲ့ ဧရာဝတီတိုင်း NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမောင်မောင် တို့ ၄ ဦးကို အမှုဖွင့်ထားတာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီဗဟိုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က စာပေးပို့ အကြောင်းကြား ထားတယ်လို့လည်း ဦးစိန်ဝင်းက ပြောပါတယ်။ ဦးစိန်ဝင်းဟာ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ ဖြစ်ပြီး သူ့ရဲ့ လက်မှတ်ပါတဲ့ စာရွက်၊ စာတမ်းတွေကို မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလလယ်ပိုင်းကစပြီး ပျံ့နှံ့နေတာဖြစ်တယ်လို့ ပြောပါတယ်။

အော့ချက်(ဒ်) ကုမ္ပဏီဟာ မလက်တိုကျေးရွာမှာ စပါးစိုက်ပျိုးရေးနဲ့ ငါးမွေးမြူရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အတွက်ဆိုပြီး လယ်ယာမြေဧက တစ်ထောင်ကျော်ကို ၁၉၉၆ ခုနှစ်ထဲက သိမ်းယူထားခဲ့ပြီး အကောင် အထည်ဖော်ဆောင်ရွက်တာတွေ မရှိတဲ့အတွက် ဒေသခံတောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အော့ချက်(ဒ်)ကုမ္ပဏီကို ထောက်ခံပြီး ဦးစိန်ဝင်းက လက်မှတ်ရေးထိုးထားတဲ့ စာရွက်စာတမ်းတွေဟာ ဒေသခံတောင်သူတွေအကြားမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။