မတူပီက စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် အရေးပေါ် အကူအညီလိုအပ်
မတူပီမြို့နယ်ထဲမှာ မိုးရာသီ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စားသောက်ကုန်တွေ သယ်မရတာ၊ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်နေတာကြောင့် အခက်အခဲ ကြုံနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
-
RFA Burmese
2024-07-10 -
-
-
ချင်းပြည်နယ် မတူပီမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် သုံးထောင်ခန့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။
မတူပီမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်ရှိပြီး သုံးထောင်ကျော်က နီးစပ်ရာရွာတွေမှာ ခိုလှုံနေကြသလို ကျန်တဲ့နှစ်ထောင်ကျော်ကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့တာပါ။
မတူပီမြို့နယ်ထဲမှာ မိုးရာသီ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စားသောက်ကုန်တွေ သယ်မရတာ၊ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်နေတာကြောင့် အခက်အခဲ ကြုံနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက ရာသီတုပ်ကွေးနဲ့ ငှက်ဖျားတွေရောဂါတွေပါဖြစ်တဲ့အပြင် စားနပ်ရိက္ခာတွေပါ ခက်ခဲတယ်။ အဓိက က တိုက်ပွဲဖြစ်တော့ ကျွန်တော်တို့ မြို့ပေါ်ကနေ ရွာဘက်ကို ပြေးရတယ်။ ရွာမှာလည်း သိတဲ့အတိုင်းပဲ ဘာမှမရှိဘူး။ ကျွန်တော်တို့ရောက်လာတော့ ပိုဆိုးပေါ့။ သူတို့စားမဲ့ဟာကို မျှစားတာမျိုး လုပ်နေရတယ်။ အဓိက ကတော့ ဆေးဝါးက အင်မတန်လိုနေတယ်”
ချင်းညီနောင်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက မတူပီမြို့ကို ဇွန် ၂၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါ်အပါအဝင် ရွာခြောက်ရွာခန့်က ထွက်ပြေးနေတဲ့ ဒေသခံတွေကတော့ ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေအကြား ပြည်တွင်း နေရပ်ရွှေ့ပြောင်းရသူ သုံးသန်းကျော်ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇွန် ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။