ကိုရီးယားဖိနပ်စက်ရုံ ဆန္ဒပြအလုပ်သမားတွေကို အရေးမယူဘူးလို့ တိုင်းရဲမှူးကြီးပြော


2014.09.17
master-sports-crisis-305.jpg စက်တင်ဘာလ ၁၆ ရက်နေ့ညက ပဋိပက္ခဖြစ်ခဲ့တဲ့ Master Sports စက်ရုံရှေ့မှာ အလုပ်သမားတွေကို တွေ့ရစဉ်
Photo: Nay Myo Htun,Kyaw Lwin Oo, Tun Myint

စက်ရုံပိတ်လိုက်တဲ့အတွက် နစ်နာကြေးပေးဖို့ ၃ လနီးပါးကြာ သပိတ်စခန်းဖွင့်တောင်းဆိုနေတဲ့ လှိုင်သာယာစက်မှုဇုန် ၃ က ကိုရီးယားနိုင်ငံသားပိုင် Master Sports ဖိနပ်စက်ရုံအလုပ်သမားတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖဲ့ွဝင်တွေအကြား မနေ့ကဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေမှာ ပါဝင်ခဲ့တဲ့အလုပ်သမားတွေကို အရေးယူမှာ မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲမှူးကြီး ဦးချစ်ဝိုင်းက ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အလုပ်သမား ဝန်ကြီးဌာနရုံးမှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖဲ့ွနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲမှူးကြီး ဦးချစ်ဝိုင်းက အခုလိုပြောခဲ့တာပါ။

ဖိနပ်စက်ရုံ အလုပ်သမားတွေဟာ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နဲ့အတူ စက်ရုံထဲမှာ  နစ်နာကြေးကိစ္စညှိနှိုင်းပြီး ဦးဝင်းရှိန်ကို ည ၁၁ နာရီခွဲအထိ ပြန်ခွင့်မပေးတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သွားရောက်ခေါ်ယူတဲ့အခါ အလုပ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

အလုပ်သမားတွေတောင်းဆိုနေတဲ့ နစ်နာကြေးကိုပေးဖို့အတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီဖွဲ့စည်းထားပြီး အဲ့ဒီကော်မတီက စက်ရုံပိုင်ပစ္စည်းတွေကို လေလံတင်ရောင်း ချရမှာဖြစ်ပါတယ်။

လေလံတင်ရောင်းချမှုကို လာမယ့်နိုဝင်ဘာလမှာ အပြီးသတ်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

Master Sports ဖိနပ်စက်ရုံ ပိုင်ရှင်ကိုရီးယားလူမျိုးဟာ  ပြီးခဲ့တဲ့ ဇွန်လက အလုပ်သမားတွေကို တစ်စုံတရာ အကြောင်းမကြားဘဲ စက်ရုံပိတ်သိမ်းလိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၇၀၀ ကျော်ဟာ ဇွန်လအတွက် လုပ်ခလစာနဲ့ အလုပ်ပိတ်နစ်နာကြေးပေးဖို့ ဆန္ဒပြတောင်းဆိုနေတာ ၃ လနီးပါးရှိပြီဖြစ်ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

မနေ့ညက ရိုက်နှက်ဖြိုခွဲခံရတဲ့ လှိုင်သာယာစက်မှုဇုန်အမှတ် ၃ က Master Sports ဖိနပ်စက်ရုံက အလုပ်သမားတွေရဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ရဲ့တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။