အင်အားပြင်းငလျင်ကြောင့် အပျက်အစီးများတဲ့ ဒေသခြောက်ခုကို အရေးပေါ်အခြေအနေကြေညာ
2025.03.28

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက် ဒီနေ့ နေ့လယ်က လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းတွေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေတွေကို စစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။
မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်က လှုပ်ခတ်သွားတဲ့ ဒီငလျင်ဟာ ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ဖြစ်ပြီး အဲဒီဒေသတွေက ပျက်စီးဆုံးရှုံးမှုတွေကို စုံစမ်းစစ်ဆေးပြီးကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။
ဒီနေ့ ငလျင်ကြောင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့က ခြောက်ထပ်ခွဲရှိတဲ့ ဟိုတယ်အောင်ပန်း ပြိုကျခဲ့ပြီး သေဆုံးသူနှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၆ ဦးအထိ ရှိနေတယ်လို့ ကူညီပေးရေးအဖွဲ့တွေက RFA ကို ပြော ပါတယ်။
သေဆုံးသူတွေဟာ ဟိုတယ်ဝန်ထမ်းတွေဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ အောင်ပန်း ပြည်သူ့ဆေးရုံကို ပို့ဆောင်နေတယ်လို့ ကူညီပေးနေတဲ့ မြတ်လူငယ်အဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
“ငလျင်ကြောင့် မြို့ထဲမှာ အက်တဲ့အိမ်၊ ပြိုတဲ့ အိမ်တွေရှိတာပေါ့။ အဆိုးဆုံးက ဟိုတယ်အောင်ပန်းပြိုသွားတာ။ ဧည်သည့်တွေရော အကုန်ပိတ်မိကုန်တယ်။ ခြောက်ထပ်ခွဲရှိတဲ့ ဟိုတယ်က ငါးထပ်လောက် ပြားပြားဝပ်သွား တယ်။ လောလောဆယ် ဝန်ထမ်းမိန်းကလေး သေဆုံးရုပ်အလောင်းရထားတယ်။ ကယ်ထုတ်ထားတာ ခန့်မှန်း ၁၆ ဦးလောက်ရှိပြီ။ ကယ်လိုက်၊ ပို့လိုက်ဆိုတော့ စာရင်းအတိအကျ မရသေးဘူး”
အပျက်အစီးတွေကြား ပိတ်မိနေတဲ့ တခြားသူတွေကိုလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နေတယ်လို့ သူက ပြောပါတယ်။ စုစုပေါင်း ဘယ် လောက်ပိတ်မိနေတလဲဆိုတာ အရေအတွက်မသိရသေးဘူးလို့ ဆိုပါတယ်။
အလားတူ တောင်ငူမြို့မှာလည်း သေဆုံးသူ အနည်းဆုံးခြောက်ဦးနဲ့ ဒဏ်ရာရသူ ၁၅ ဦးထက်မနည်းရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။
နေပြည်တော်၊ ပျဉ်းမနားမြို့လယ်၊ ဗိုလ်ချုပ်လမ်းမဘေး အဆောက်အအုံနဲ့ ဘုန်းကြီးကျောင်းတွေလည်း မြေငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ဒီနေ့ညနေ ၄ နာရီဝန်းကျင်ထိ ကူညီကယ်ဆယ်ရေးတွေ မရောက် သေးဘူးလို့ ပျဉ်းမနားမြို့ခံတွေက RFA ကိုပြောပါတယ်။
ပြိုကျပျက်စီးမှုတွေကြား ပိတ်မိနေသူတွေနဲ့ ထိခိုက်သေဆုံးမှုများနိုင်ပြီး ကယ်ဆယ်ရေးတွေ မရောက်သေးတာကြောင့် ပြည်သူတွေကိုယ်ထူကိုယ်ထိ ကယ်ဆယ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ဗိုလ်ချုပ်လမ်းမတစ်လျှောက်လုံး ပြိုကုန်တာ မြို့ပျက်ကြီးလိုပဲ။ ဘုန်းကြီး ကျောင်းတွေက ပိုဆိုးတယ်။ ထိခိုက်သေဆုံးများနိုင်တယ်။ အခုထိ ကယ်ဆယ်ရေးတွေ တစ်ယောက်မှ မလာသေးတာ တော်တော်ဆိုးတယ်။ ကိုယ့်ဘာသာ ရှိတာတွေနဲ့ ဖော်နေကြတယ်။ လောလောဆယ်တော့ ထိခိုက်သေဆုံး အတိအကျမသိရသေးဘူး။ ပြိုကျတာတွေကို ဖော်နေတုန်းဆိုတော့”
ပျဉ်းမနားမြို့ကနေ သပြေကုန်း၊ မြို့တော်ခန်းမဘက်သွားတဲ့ တောင်ညိုလမ်းမှာလည်း အက်ကွဲမှုတွေ ဖြစ်ခဲ့ တာကြောင့် လက်ရှိမှာ လမ်းကိုပိတ်ထားပြီး ဆိုင်ကယ်တွေကိုသာ ပေးသွားတော့တယ်လို့ သူကပြောပါတယ်။
မြေငလျင်ကြောင့် ထိခိုက်သေဆုံးမှုတွေလည်း အများအပြားရှိနေပြီး RFA က ဆက်လက်တင်ပြပါမယ်။