မြန်မာနိုင်ငံမှာ အဆိုတော် ဒေါ်မာမာအေး က ဖျော်ဖြေပွဲ ကျင်းပမည်

အမေရိကန်ပြည်ထောင်စုမှာ ဆယ်နှစ်ကျော်နေထိုင်ခဲ့ပြီး မြန်မာပြည် ကို အလည်အပတ် ရောက်ရှိလာတဲ့ အဆိုတော် ဒေါ်မာမာအေးရဲ့ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့၊ ဘားလမ်းမှာရှိတဲ့ စီးတီးစတား ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

2012.12.28
marmaraye-ygn305 ရန်ကုန်မြို့ ဘားလမ်းက စီတီးစတားဟိုတယ်တွင် အဆိုတော် ဒေါ်မာမာအေးက ယင်းရဲ့ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်စဉ်။
Photo:RFA/Nay Myo Htun

ပြည်သူချစ်သော မာမာအေး ရသနှလုံးသားပေးဆပ်ပွဲ ဆိုတဲ့ အမည်နဲ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်မာမာအေးက ပရိသတ်အားလုံးကို မေတ္တာစေတနာနဲ့ သီဆိုဖျော်ဖြေပေးချင်တဲ့အတွက် ကျန်းမာရေး မကောင်းတဲ့ကြားက  မြန်မာပြည်ကိုရောက်အောင် ပြန်လာခဲ့တာဖြစ်တယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အဆိုတော် ဒေါ်မာမာအေးရဲ့ ဖျော်ဖြေပွဲမှာ ဂီတမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးမယ့် စန္ဒရားဆရာ မောင်လှအေးက တီးခတ်ပေးမှာ ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်တာဝန်ခံအဖြစ် လူရွှင်တော်သရုပ်ဆောင် ကိုအရိုင်းက ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

ဂီတဖျော်ဖြေပွဲမှာ ဖျော်ဖြေရေးအစီအစဉ်ကို ဦးသူရ(ခ)ဇာဂနာနဲ့ ရန်ပိုင်စိုးတို့ကလည်း ကူညီဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဂီတဖျော်ဖြေပွဲမှာ ချစ်သူတို့ရဲ့ သီချင်းများခေါင်းစဉ်နဲ့ ဒေါ်မာမာအေးရဲ့ အနုပညာမောင်နှမတွေရဲ့ သီချင်းတွေကို သီဆိုမှာဖြစ်ပြီး ပြန်လည်နုပျိုခြင်းခေါင်းစဉ်နဲ့ ဒေါ်မာမာအေးရဲ့သီချင်းတွေကို လူငယ်အဆိုတော်တွေက သီဆိုမယ်လို့ သိရပါတယ်။

အငြိမ့်သီချင်းတွေကို ဖျော်ဖြေမယ့်အစီအစဉ်ကိုတော့ အတိတ်ကြေးမုံလို့ အမည်ပေးထားပြီး၊ ဒေါ်မာမာအေးရဲ့ စိတ်တိုင်ကျကြိုက်နှစ်သက်တဲ့ သီချင်းတွေကို ဖျော်ဖြေမယ့်ကဏ္ဍကိုတော့ ရသနှလုံးသားလို့ အမည်ပေးထားပါတယ်။

ဒေါ်မာမာအေးရဲ့ မြန်မာပြည်အလည်အပတ်ခရီးမှာ ကျင်းပမယ့် ဂီတဖျော်ဖြေပွဲကို ဇန်နဝါရီလ ၁၂ရက်နေ့ ည ၇နာရီ ပြည်သူ့ရင်ပြင်မှာ ကျင်းပမှာဖြစ်ပြီး ဝင်ကြေးတွေကိုတော့ ၂သောင်း၊ ၁သောင်းခွဲ၊ ၆ထောင်လို့ သတ်မှတ်ထားပြီး ထိုင်ခုံတွေနဲ့စီစဉ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။