စစ်ကောင်စီကို အာဆီယံအစည်းအဝေး တက်ခွင့်မပြုဖို့ မလေးရှားကန့်ကွက်မည်

ဒီမိုကရေစီရေးလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက ကွပ်မျက်တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ အာဆီယံ ဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီ တက်ရောက်မှာကို မလေးရှားနိုင်ငံက ကန့်ကွက်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံခြားရေး၀န်ကြီး Saifuddin Abdullah (ဝဲ) နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Noeleen Heyzer (ယာ) တို့ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ Photo: NAZRI RAPAAI / MALAYSIA'S DEPARTMENT OF INFORMATION / AFP

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားသူလေးဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ အာဆီယံအစည်းအဝေးတွေကို မြန်မာစစ်ကောင်စီ တက်ရောက်မှာကို ကန့်ကွက်သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဇူလိုင်လ ၂၆ ရက် ဒီနေ့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Noeleen Heyzar နဲ့ ကွာလာလမ်ပူမှာ ဒီနေ့တွေ့ဆုံဆွေးနွေးပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။

အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေးကိုယ်စားလှယ် တက်ရောက်ခွင့်မပြုသင့်ကြောင်း မလေးရှားအစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ထားတယ်လို့ Saifuddin Abdullah က ပြောပါတယ်။

ဒါဟာ နိုင်ငံရေးအရ ကိုယ်စားပြုမှုနဲ့ ပတ်သက်လာရင် မိမိတို့ ဘယ်လောက်အလေးအနက်ထားသလဲဆိုတာ ပြသဖို့ဖြစ်တယ်လို့ Saifuddin Abdullah က ပြောပါတယ်။ သေဒဏ်ကွပ်မျက်တဲ့လုပ်ရပ်ဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီက မထီမဲ့မြင်သရော်လိုက်တာလို့ မိမိတို့ရှုမြင်‌ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် Noeleen Heyzar နဲ့တွေ့ဆုံရာမှာ အာဆီယံဘုံသဘောတူညီချက် ငါးချက်၊ မြန်မာ့အရေးအဆုံးသတ်ဖြေရှင်းဖို့ မူဘောင်ကိစ္စ၊ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ပညာရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးSaifuddin Abdullah ရဲ့ Twitter လူမှုစာမျက်နှာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org