မလေးရှားမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား နှစ်ရာကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသား နှစ်ရာကျော်အပါအဝင် ခြောက်ရာနီးပါးကို မလေးရှားလဝကနဲ့ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များမှ ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့်ကို တွေ့ရစဉ်။ Photo: Jabatan Imigresen Malaysia

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ စမှုံညှင်းမြို့မှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသား နှစ်ရာကျော်အပါအဝင် ခြောက်ရာနီးပါးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ကဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေက RFA ကို ပြောပါတယ်။

နိုင်ငံခြားသားတွေများတဲ့ လူနေတိုက်ခန်းတွေမှာ ဝင်ဖမ်းသွားတာလို့ မလေးရှားက လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က ပြောပါတယ်။

"စမှုံညှင်းနယ်မြေမှာ မနေ့ကဖမ်းတယ်၊ မြန်မာနှစ်ရာကျော်လောက်ပါသွားတယ်၊ ကျန်တဲ့လူမျိုးအစုံနဲ့ဆို ငါးရာကျော်နဲ့ ခုနစ်ရာပတ်ဝန်းကျင်လောက်ရှိလိမ့်မယ်၊ တော်တော်များတယ်၊ ညပိုင်းဝင်ဖမ်းသွားတာ၊ အဓိက လူနေတိုက်ခန်းတွေမှာ ဝင်ဖမ်းတာ၊ အဲနေရာက နိုင်ငံခြားသားတွေလည်းများတယ်၊ မြန်မာတွေ၊ ဘင်္ဂလားဒေ့ရှ်တွေ၊ နီပေါတွေ ၊ ပါကစ္စတန်တွေ၊ အင်ဒိုနီးရှားတွေ များတယ်။"

အဲဒီဖမ်းဆီးမှုမှာ လဝကတွေ၊ ရဲတွေအပြင် အဖွဲ့စုံက အင်အား ငါးရာကျော်နဲ့ ဝင်ရောက်ဖမ်းဆီးတာလို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို မလေးရှား လဝက ဥပဒေတွေနဲ့ တရားစွဲဆိုလေ့ရှိပြီး အဲဒီဥပဒေတွေအရ ထောင်ဒဏ် သုံးလအထိ ပြစ်ဒဏ်ကျခံရနိုင်ကာ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့လေ့ရှိတယ်လို့ သိရပါတယ်။

တရားဝင်နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်လျှောက်ဖို့ မလေးရှားအစိုးရက ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလကုန်ထိ ခွင့်ပြုခဲ့ပေမဲ့ အဲဒီကာလအတွင်းမှာ တရားဝင်နေထိုင်ခွင့် မလျှောက်ခဲ့သူတွေကို အခုလိုက်လံဖမ်းဆီးနေတာလို့ ကိုသက်က ပြောပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာလည်း တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား အနည်းဆုံး အယောက် ၁၅ဝ အဖမ်းခံခဲ့ရပြီး အဖမ်းခံရတဲ့သူတွေထဲမှာ မြန်မာနိုင်ငံက အဆိုတော် အေမီဈာန်နဲ့ မော်ဒယ်လ် ဖူးပွင့်ခိုင်တို့လည်း ပါဝင်ပါတယ်။ သူတို့ နှစ်ယောက်ကတော့ အလည်အပတ်ဗီဇာနဲ့ မလေးရှားကို ရောက်ခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ ရှိုးပွဲကျင်းပနေချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး အခုချိန်ထိ မြန်မာနိုင်ငံသား တစ်ထောင်နီးပါးလောက် အဖမ်းခံထားရတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။ မလေးရှားနိုင်ငံမှာ အထောက်အထားမရှိသူတွေကို အရင်နှစ်တွေကထက် ဖမ်းဆီးတာတွေပိုများနေတယ်လို့လည်း ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org