မလေးရှားမှာ မြန်မာနိုင်ငံသား လေးဆယ်ကျော် ဖမ်းဆီးခံရ

ဂျိုဟိုးပြည်နယ်၊ စီနိုင်းမြို့မှာ မြန်မာအလုပ်သမား ၄၃ ဦးကို မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေကို ကူညီနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က မလေးရှားအာဏာပိုင်များ ဝင်ရောက်ဖမ်းဆီးခဲ့သည့် မြန်မာအမျိုးသမီးများနေသည့်အိမ်ကို တွေ့ရစဥ်။ Citizen Photo

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ စီနိုင်းမြို့မှာ အောက်တိုဘာ ၁၄ ရက်နေ့က မြန်မာအလုပ်သမား ၄၃ ဦးကို မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေကို ကူညီနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

မြန်မာအမျိုးသမီး ၃၁ ဦးနဲ့ အမျိုးသား ၁၂ ဦးကို မလေးရှား အာဏာပိုင်တွေက နေအိမ်တွေကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးနေတဲ့ ကိုမင်းသန့်က ပြောပါတယ်။

“ဒါက အေးဂျင့်တွေ တိုင်ချက်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ အေးဂျင့်နဲ့နေတဲ့ အဆောင်တွေကိုပဲ ကွက်ဝင်သွားတာ။ ကားတွေလည်း ရိုးရိုးကားတွေနဲ့ လာဖမ်းသွားတယ်။ အိမ်လိပ်စာအတိအကျ ဝင်ဖမ်းသွားတာ။ လစာထုတ်ကာနီး လစာမပေးချင်လို့ လာဖမ်းခိုင်းတာ။ အေဂျင့်က လစာကို နောက်နေ့ အိမ်ကိုလာပေးမယ်ဆိုပြီး လဝကကို လက်တို့ လိုက်တာပေါ့။ အခုလိုမျိုးဖြစ်တာ ဒီနှစ်ထဲမှာပဲ နှစ်ကြိမ်ရှိပြီ”

အခုပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ အဖမ်းဆီခံ မြန်မာအလုပ်သမားတွေကို အလုပ်အကိုင် ရှာဖွေပေးခဲ့တဲ့ အေးဂျင့်တွေထံ RFA က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မလေးရှားနိုင်ငံကို ရောက်လာရှိလာတာ ကာလ မကြာသေးသူတွေဖြစ်ပြီး အထောက်အထားမဲ့သူတွေပါသလို အလုပ်လုပ်ခွင့်ပါမစ်မှာပါတဲ့ အလုပ်အကိုင်နဲ့ လက်ရှိလုပ်နေတဲ့ အလုပ်အကိုင်အမျိုးအစား မတူညီတဲ့အတွက် ဖမ်းဆီးခံရသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အခုအောက်တိုဘာအတွင်းမှာပဲ မလေးရှားနိုင်ငံ ရှားအလမ်မြို့၊ ဆရင်ဘန်းမြို့၊ ပီနန်းပြည်နယ်၊ ပါဟန်းပြည်နယ်၊ ဂျိုဟိုးပြည်နယ်စတဲ့ မလေးရှားနိုင်ငံတစ်ဝန်းမှာ မြန်မာနိုင်ငံသား ခုနစ်ရာထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မလေးရှားမှာ မြန်မာနိုင်ငံသားတွေ တရားမဝင် ရွှေ့ပြောင်းနေထိုင်တာ များလာပြီး မလေးရှားနိုင်ငံက UNHCR ရုံးရဲ့ ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ၁၉၀,၀၀၀ ကျော် ရှိတဲ့အထဲမှာ ၁၇၀,၀၀၀ ခန့်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org