မေးခွန်းပေါက်ကြားမှု အရေးကြီး အဆို မကွေးလွှတ်တော်အတည်ပြု
2016.03.01

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံလုံးမှာ စစ်ဆေးခဲ့တဲ့ ၄ တန်း နဲ့ ၈ တန်း အစိုးရစစ် အတန်းတင်စာမေးပွဲ မေးခွန်းတွေ မကွေးတိုင်းဒေသကြီးမှာ ကြိုတင်ပေါက်ကြားခဲ့တာနဲ့ပတ်သက်တဲ့ အရေးကြီးအဆိုအပေါ် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်မှာ ဒီကနေ့ ပြန်လည်ဖြေကြားဖို့ ပျက်ကွက်ခဲ့တာကြောင့် ကိုယ်စားလှယ် ၃ဦး ဆွေးနွေးပြီးနောက် အတည်ပြုလိုက်ပါတယ်။
လွှတ်တော်အစည်းအဝေး အစီအစဉ်မှာ မကွေးတိုင်း လူမှုရေးဝန်ကြီး လာရောက်ဖြေကြားဖို့ လျာထားချက်ပါပေမယ့် လွှတ်တော်ကို တက်ရောက်လာခြင်း မရှိခဲ့ဘူးလို့ အဲဒီအရေးကြီးအဆို တင်သွင်းခဲ့တဲ့ မင်းဘူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောပါတယ်။
"ဒီလိုမျိုးအရေးကြီးအဆိုမှာပါဝင်တဲ့ ကျနော်တို့ရဲ့တိုက်တွန်းချက်အပေါ်မှာ ဒီနေ့အစည်းအဝေးအစီအစဉ်မှာ မကွေးတိုင်းဒေသကြီး ပညာရေးဌာနရဲ့ဝန်ကြီး က လာရောက်ပြီးဖြေဆိုဖို့ အစီအစဉ်ပါသော်လည်း တိုင်းဒေသကြီးအစိုးရရဲ့ဝန်ကြီး လာရောက်ဖြေကြားခြင်းမရှိတဲ့အတွက် လွှတ်တော်တစ်ရပ်လုံးရဲ့ဆုံးဖြတ်ချက် ကို လွှတ်တော်ဥက္ကဌကတောင်းပါတယ်၊ ဒါဆိုရင် ဒီအဆိုကိုအတည်ပြုဖို့ လွှတ်တော်ကသဘောတူပါလားလို့ပြောတဲ့အခါမှာ တပ်မတော်သားကိုယ်စားလှယ် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၆၈ ဦးလုံးက အားလုံးသဘောတူ အတည်ပြု တဲ့အတွက် ဒီအဆိုက အတည်ပြုပါတယ်"
တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ လူမှုရေးဝန်ကြီးက ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းတွေကို တာဝန်ယူရတာ ဖြစ်တဲ့အတွက် လူမှုရေးဝန်ကြီးကို ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအရေးကြီးအဆိုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်မှာ ဦးနေမျိုးကျော်က တင်သွင်းခဲ့တာဖြစ်ပါတယ်။
ဒီနေ့ ဆွေးနွေးရာမှာ စာမေးပွဲမေးခွန်းတွေ ပေါက်ကြားတာနဲ့ ပတ်သက်ပြီး အမှန်တကယ် အပြစ်ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့၊ နောက်နောင် အလားတူ ကိစ္စတွေ မပေါ်ပေါက်စေဖို့ ၊ အရန်မေးခွန်းတွေ ပြင်ဆင်ထားဖို့နဲ့ လတ်တလော စစ်ဆေးအရေးယူမှုတွေကို ရှင်းလင်းအသိပေးဖို့တို့ကို ကိုယ်စားလှယ် ၃ ဦးနဲ့ အဆိုတင်သွင်းတဲ့ ကိုယ်စားလှယ် ဦးနေမျိုးကျော်တို့က လွှတ်တော်မှာ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထောက်ခံတာကြောင့် အတည်ပြုလိုက်တာဖြစ်ပါတယ်။ ၄ တန်းနဲ့ ၈ တန်း အစိုးရစစ်စာမေးပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။