လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး
2018.04.30

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နေအိမ် ၃ဝဝ နီးပါး ပျက်စီးခဲ့ပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ပေါ်ကို လက်ပံပင်ကျိုးကျပြီး ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးတာဖြစ်တယ်လို့ မကွေးတိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။
"၂၈ ရက်နေ့က ဖြစ်တာပေါ့နော်၊ ပြိုကျတဲ့အိမ်က ၂၆ လုံး၊ တစ်အိမ်ကို အိမ်ဆောက်ပစ္စည်း ၅ သောင်းပေး ထားတယ်၊ အမိုးလန်နေအိမ်က ၂၈၉ လုံးရှိတယ်၊ တစ်အိမ်ကို ၃ သောင်းနှုန်း၊ ဘုန်းကြီးကျောင်းက ၁၂ ကျောင်း ပျက်စီးတယ်၊ တစ်ကျောင်းကို ၁ သိန်းနှုန်း ၁၂ သိန်းပေးထားတယ်၊ သေဆုံးတစ်ဦးအတွက် ၃ သိန်း၊ သေဆုံးတာက လက်ပံပင်ပိတာပေါ့၊ အိမ်ပေါ်ကို လက်ပံပင်ကြီးကကျိုးပြီး အဲဒီအမျိုးသမီးပေါ် ပိတာပေါ့၊ နေရာမှာပဲ ပွဲချင်းပြီးတာပေါ့"
ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ သေဆုံးသွားသူ တစ်ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဦးစီးဌာနက ဒီကနေ့ ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် လေဘေးသင့်လူဦးရေ ၁၃ဝဝ ကျော်အတွက် ဆန်ရိက္ခာတစ်ပတ်စာကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ကနေ ဧပြီလ ၂၄ ရက်နေ့အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ပြုစုထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် လူဦးရေစာရင်းမှာ ဧရာဝတီတိုင်းက အများဆုံးဖြစ်ပြီး ပဲခူးတိုင်းက ဒုတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ လေဘေးသင့်ခံရတဲ့ လူဦးရေ နှစ်သောင်းနီးပါးရှိပြီး ပဲခူးတိုင်းမှာ တစ်သောင်းနီးပါးရှိတာဖြစ် ပါတယ်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(လေစိုင်ဝဲ)ဟာ မေလ ၁ ရက်နေ့ ညနေပိုင်းကနေ မေလ ၂ ရက်နေ့ မနက်ပိုင်းမှာ ဧရာဝတီတိုင်းအတွင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာထားပါတယ်။
လေစိုင်ဝဲ ဆိုတာဟာ ဗဟိုချက်တစ်ခုကို ဝဲဂယက်တစ်ခုလိုမျိုး ဝှေ့ပတ်တိုက်ခတ်နေပြီး၊ လေတွေဟာ အဖက်ဖက်ကနေ ဗဟိုချက်ရှိရာကို စုဝင်နေတဲ့ လေတိုက်ခတ်မှုဖြစ်စဉ်တစ်ခုဖြစ်တယ်လို့လည်း ဦးထွန်းလွင်က ရှင်းပြထားပါတယ်။
လေဖိအားနည်းရပ်ဝန်းနဲ့ လေစိုင်ဝဲတို့ဟာ မုန်တိုင်းငယ်မဖြစ်ခင်တဆင့်နိမ့်တဲ့ဖြစ်စဉ်ကို လေထုဖိအားအရနဲ့ လေတိုက်ခတ်မှုအရ မတူညီတဲ့ နယ်ပယ်တွေအရ ခေါ်ဝေါ်တဲ့အမည်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။