မြန်မာမိသားစု အသတ်ခံရမှုနဲ့ တစ်ဦးကို ဖမ်းဝရမ်းထုတ်


2018.12.18
maesot-murder-622.jpg အသတ်ခံရတဲ့သူတွေရဲ့ မိသားစုဝင်(ယာဘက်)တွေကို တွေ့ရစဉ်
Photo: SAW

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကလေးအပါအဝင် မိသားစုလိုက် အသတ်ခံရတာနဲ့ ပတ်သက်လို့ သံသယရှိသူ ၃ဦးထဲက တစ်ဦးကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရ လူသတ်မှုနဲ့ သံသယရှိနေတဲ့သူ ၃ဦးကို ဓာတ်ပုံတွေနဲ့ လိုက်လံရှာဖွေနေပြီး မြန်မာသံရုံးကိုတော့ တရားဝင် အကြောင်းကြားလာတာ မရှိသေးဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး က ပြောပါတယ်။

မြန်မာသံရုံးကို အကြောင်းကြားလာတဲ့အခါ မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကို လွဲှပြောင်းပေးပြီး ပူးပေါင်း ရှာဖွေသွားမယ်လို့လည်း ဦးစန်းမောင်ဦးက ဆိုပါတယ်။

အဲဒီလူသတ်မှုနဲ့ အဓိက သံသယရှိတဲ့ ကိုဆွေ ဆိုသူဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကလို့ သိရပါတယ်။

သူနဲ့အတူ ဇနီးဖြစ်သူ မမွှေး အပါအဝင် တခြားအမျိုးသားတစ်ယောက်တို့ဟာ ထွက်ပြေးတိမ်းရှောင်နေ တာဖြစ်ပါတယ်။

လတ်တလောမှာ သံသယရှိသူတွေဟာ ထိုင်း၊ မြန်မာ နှစ်နိုင်ငံကြားက ရေလယ်ကျွန်းပေါ်မှာ ရှိနေတယ်လို့ သတင်းတွေထွက်နေသလို၊ မြန်မာနိုင်ငံဘက်ကို တရားမဝင်လမ်းကြောင်းကနေ ပြန်သွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့လည်း ပြောပါတယ်။

ဒီ ၃ သုံးဦးဟာ အသတ်ခံရတဲ့ မိသားစုနဲ့ အိမ်နီးချင်းမြန်မာတွေဖြစ်ပြီး လူသတ်မှုကျူးလွန်အပြီး ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအောက် သောင်ရင်းမြစ်ပေါ်က မြစ်စွယ်တခုမှာ ပုန်းအောင်းနေခဲ့ကြောင်း ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

အသတ်ခံရတဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေနဲ့ မြန်မာသံအမတ်ကြီးက မနေ့ညနေက တွေ့ဆုံခဲ့ပါတယ်။

အဲဒီလူသတ်မှုကို ထိုင်းနိုင်ငံလုံခြုံရေးကောင်စီက ဒုရဲချုပ်က မနေ့ နေ့လယ်က လာရောက်စစ်ဆေးခဲ့ကြောင်း၊ အခင်းဖြစ်ပွားတဲ့နေရာက လက်ဗွေတွေ၊ တွေ့ရှိခဲ့တဲ့ DNA တွေကို စစ်ဆေးနေပြီး တရားခံတွေကို အမြန်ဆုံး ဖမ်းမိဖို့နဲ့ ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတဲ့အကြောင်း SAW အဖွဲ့ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲသောင်ရပ်ကွက်မှာ အသက် ၄ နှစ်နဲ့ ရင်ခွင်ပိုက်အရွယ် ၄ လသား ကလေး ၂ ယောက်အပါအဝင် မြန်မာနိုင်ငံသား မိသားစု ၄ ယောက် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။