လူထုဒေါ်အမာ ရာပြည့် ပွဲ တောင်လေးလုံးမှာ ကျင်းပ
2015.11.29

သတင်းစာ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲအခမ်းအနားကို အမရပူရမြို့ တောင်လေးလုံး ကျောင်းတိုက်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
တောင်လေးလုံးကျောင်းတိုက်မှာပြု လုပ်တဲ့အခမ်းအနားကိုတော့ စာပေနဲ့ အနုပညာကဏ္ဍ အသီးသီး က လူထုဒေါ်အမာကို လေးစားချစ်ခင်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆရာမကြီး လူထုဒေါ်အမာ ရဲ့ သားဖြစ်သူ စာရေးဆရာဦးညီပုလေး က ပြောပါတယ်။
"အမေ့ကိုသံယောဇဉ်ရှိတဲ့သူတွေက အနယ်နယ်အရပ်ရပ်ကလာတယ်၊ မိုးကုတ်ကလည်းလာတယ်၊ မုံရွာကလည်းလာတယ်၊ထားဝယ်ဘက်ကလည်းလာတယ်၊ ရန်ကုန်ကဆို ကျနော်ထင်တယ်၊ ၇ဝ၊ ၈ဝလာလိမ့်မယ်၊ ကျောက်ဆည်ကလည်းလာတယ်၊ ပြင်ဦးလွင်ကလည်းလာတယ်၊ အစုံပါပဲ၊ မိတ်ဆွေတွေလာလိုက်ကြတာ၊ အမေ့ကို လေးစားတဲ့သူတွေအများကြီးပဲ၊ ကျနော်ပျက်ကွက်သွားတယ်၊ လောက်လောက်ငှငှ မကျွေးလိုက်နိုင်ဘူး၊ တကယ်တော့ဒီလောက်ကြီးလာမယ် မမျှော်လင့်ထားလို့ပါနော်၊ လာကြတဲ့သူတွေကို ကျေးဇူးတင်တယ်"
ဆရာမကြီးလူထုဒေါ်အမာရဲ့ မွေးနေ့ နှစ်တစ်ရာပြည့် အခမ်းအနားတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက် နေ့ ကတည်းက မန္တလေးမြို့ ဓမ္မသာလာ ခန်းမမှာ ဂုဏ်ပြုတဲ့ စာတန်းဖတ်ပွဲတွေ၊ မှတ်တမ်း ဓာတ်ပုံပြပွဲတွေ ကျင်းပခဲ့တာဖြစ်ပါတယ်။
အနယ်နယ်အရပ်ရပ်ကနေ တက်ရောက်လာတဲ့ စာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာ တွေက လူထုဒေါ်အမာနဲ့ပတ်သက်ပြီး အမှတ်တရ ဂုဏ်ပြုစကားတွေ ပြောကြားခဲ့ကြတယ်။
မြန်မာ့စာပေလောကမှာထင်ရှားကျော်ဇောတဲ့ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာကို ၁၉၁၅ ခုနှစ်က မန္တလေးမြို့မှာ မွေးဖွားခဲ့ဖြစ်ပြီး အသက် (၉၃) နှစ်အရွယ် ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက် နေ့မှာ နှလုံး ရောဂါ နဲ့ မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဆရာမကြီးရေးသားခဲ့တဲ့ စာအုပ်စာပေတွေထဲက ပြည်သူချစ်သော အနုပညာသည်များ၊ မြန်မာပြည် တွင် စစ်ဆေး ခဲ့သော မှုခင်းများ၊ ဆန္ဒမာလာ၊ ဘဝချင်းမတူသည့် တရုတ်ပြည်၊ အောင်ဗလ၊ ဖူးစိန်၊ စိန် ကတုံး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ အာဖရိကဝတ္ထုတိုများ၊ မန္တလေးသူ မန္တလေးသားများ၊ အမေ့ ရှေးစကား စတဲ့စာအုပ်တွေဟာ ထင်ရှားတဲ့စာအုပ်တွေ ဖြစ်ကြပါတယ်။
လူထုဒေါ်အမာရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲအခမ်းအနားနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မခင်ပြည့်စုံ က တင်ပြထားပါတယ်။