လက်ပံတောင်းမှာ သီးနှံလျော်ကြေးကိစ္စ ဒေသခံနဲ့ အာဏာပိုင်တွေ ညှိနှိုင်း


2013.10.26

စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသ ဝက်မှေး၊ ဇီးတော၊ ကန်တောနဲ့ ဆည်တဲရွာတွေနားမှာ စီမံကိန်းတာဝန်ရှိသူတွေက စိုက်ပျိုးမြေတွေမှာ ခြံစည်းရိုးခတ်နေတဲ့အတွက် စိုက်ပျိုးထားတဲ့ သီးနှံတွေကို လျော်ကြေးပေးဖို့နဲ့ အလုပ်အကိုင် စီမံပေးဖို့ကိစ္စအပေါ် မနေ့ညနေက ဆွေးနွေးရာမှာ ပြေလည်မှုရခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

မနေ့ညနေပိုင်းက ဇီးတောရွာသစ်ထိပ်မှာ ဖွင့်ထားတဲ့ ဆက်ဆံရေးရုံးမှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေက ဒေသခံတွေနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တာလို့ သိရပါတယ်။

ဒီဆွေးနွေးညှိနှိုင်းပွဲမှာ ဒေသခံတွေဘက်က တောင်းဆိုခဲ့တာနဲ့ ပတ်သက်လို့ ဇီးတောရွာသူ မစန္ဒာက အခုလို ပြောပါတယ်။

"ဒေသခံတွေတောင်းဆိုတဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တာတွေ၊ သီးနှံပျက်စီးမှု လျော်ကြေးတွေ၊ ခြံစည်းရိုး ဖျက်ပေးဖို့ဟာတွေ အဲဒါတွေကိုတော့ အထက်ကိုတင်ပြပြီးတော့ အဖြေကိုတော့ တွေ့ဆုံဆွေးနွေးပေး မယ်လို့ပြောပါတယ်၊ သူတို့က ဒီစီမံကိန်းကြီးဆက်လုပ်မယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရမယ်လို့ပြောတယ်၊ ကျမတို့က တိကျတဲ့အလုပ်အကိုင်နေရာပဲပေးမယ့် လစာနှုန်းတွေ၊ ပညာရှိရင်ဘယ်လောက်၊ ပညာမရှိတဲ့သူတွေကို ဘယ်လိုအလုပ်အကိုင် အတန်းအစားပေးမယ်၊ ပြီးတော့ လစာအမျိုးအစား ဘယ်လိုပေးမယ်ဆိုတာတွေကို တိတိကျကျပြောပြဖို့ တောင်းဆိုပါတယ်"

ဒေသခံတွေ တောင်းဆိုချက်တွေကို စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကိုတင်ပြပြီး စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ညှိနှိုင်းရာမှာပါဝင်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းဟာ အခုလဆန်းပိုင်းက လုပ်ငန်းစတင်လည်ပတ်နေပြီဖြစ်ပြီး၊ စီမံကိန်းတဝိုက်က ဝှက်မှေး၊ ကန်တော၊ ဇီးတောနဲ့ ဆည်တဲကျေးရွာတွေနားက စိုက်ခင်းတွေမှာ ခြံစည်းရိုးခတ်နေတာရှိသလို အဲဒီရွာလေးရွာကို ရွာနာမည်အသစ်တွေနဲ့ ပြန်လည်နေရာချထားပေးနေတယ်လို့လည်း သိရပါတယ်။ အာဏာပိုင်တွေဘက်က အခုလို ဆွေးနွေးညှိနှိုင်းမှုတွေရှိပေမယ့် ရွာသူရွာသားအများစုတော့ ကျေနပ်မှုမရရှိသေးဘူးလို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဇီးတောရွာသူ မစန္ဒာကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။