အသံတိတ်သပိတ်မှာ မပါကြဖို့ သတိပေးသူ သေနတ်နဲ့ ပစ်ခတ်ခံရ

နတ်တလင်းမြို့နယ် တံခွန်တိုင်ရွာမှာ အသံတိတ် သပိတ်မှာ မပါဝင်ကြဖို့ လော်စပီကာနဲ့ လိုက်လံ သတိပေးသူတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပါတယ်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်နေ့က တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်မှာ မပါဝင်ဖို့ စစ်ကောင်စီက လိုက်လံကြေညာစဥ် Photo: Myanmar Military

ပဲခူးတိုင်း နတ်တလင်းမြို့ နယ် ရန်ကုန်-ပြည် ကားလမ်းမပေါ်က တံခွန်တိုင်ရွာမှာ အသံတိတ်သပိတ်မှာ မပါဝင်ကြဖို့ လော်စပီကာနဲ့ လိုက်လံသတိပေးသူတစ်ဦး ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆိုင်ခန်းတွေမဖွင့်ရင် အရေးယူမယ်ဆိုတဲ့အကြောင်း ဒီနေ့ မနက် ၁၁ နာရီခွဲလောက်က ရွာတွင်း လှည့်လည်ကြေညာနေတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ လူနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အသံတိတ်သပိတ်မှာ မပါကြဖို့ သူက ဆိုင်ကယ်နဲ့ လှည့်အော်နေတဲ့အချိန် ပစ်ခံရတာ။ ရွာရဲ့ ရာအိမ်မှူးလို့ပြောတယ်။ နတ်တလင်းဆေးရုံမှာ ဆေးကုနေရတယ်။ ပြီးတော့ ပြည်မြို့က ခုတင်တစ်ရာ စစ်ဆေးရုံကို ပို့လိုက်တယ်။ သေမသေတော့ မသိသေးဘူး”

သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ အသက် ၄၀ အရွယ် ဦးကျော်မင်းသူဖြစ်ပြီး သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

နတ်တလင်းမြို့ရဲ့ နတ်စစ်သည် PDF အဖွဲ့ကတော့ ဒါဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

မကြာခင်ရက်ပိုင်းမှာ ရောက်ရှိတော့မယ့် စစ်အာဏာသိမ်း တစ်နှစ်ပြည့်ကာလ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်ပြုလုပ်ဖို့ လူမှုကွန်ရက်စာမျက်နှာတွေကနေ စည်းရုံးလှုံ့ဆော်တာ၊ မျှဝေတာတွေကို အခုရက်ပိုင်းမှာ ပြုလုပ်လာကြတာပါ။

စစ်ကောင်စီကတော့ NUG၊ CRPH အပါအဝင် သူတို့နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ လှုံ့ဆော်မှုတွေကို မသိလို့ဖြစ်စေ၊ သိလို့ဖြစ်စေ ထပ်ဆင့်မျှဝေတာ၊ အားပေးကူညီတာတွေလုပ်ရင် နှစ်ရှည်ထောင်ဒဏ်၊ ငွေဒဏ်တွေချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ဇန်နဝါရီလ ၂၅ ရက် က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးအချို့မှာလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆိုင်မဖွင့်ဖို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မျှဝေတဲ့သူတချို့ ဖမ်းဆီးခံရတာနဲ့ ဆိုင်တချို့ ချိတ်ပိတ်ခံရတာတွေလည်းရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org