လက်ပံတန်းမှာ စစ်ကောင်စီ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သာယာကုန်းရွာက စစ်ကောင်စီရဲ့ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး ငါးဦးထက်မနည်း သေဆုံးသွားတယ်လို့ လက်ပံတန်းဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့တစ်နေရာအား တွေ့ရစဥ်။ Letpadan City

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သာယာကုန်းရွာက စစ်ကောင်စီရဲ့ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး ငါးဦးထက်မနည်း သေဆုံးသွားတယ်လို့ လက်ပံတန်းဒေသခံတွေက RFA ကို နိုဝင်ဘာ ၂၄ ရက် ဒီနေ့ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က လက်ပံတန်းမြို့နယ်အခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်တွေက သာယာကုန်း ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ ရဲကင်းစခန်းထဲမှာ စစ်သင်တန်း တက်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ ရွှေတန်းတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ လာရောက်စစ်ဆေးသွားတယ်လို့ RFA ကို ပြောပါတယ်။

“သေတာက ငါးဦးထက်မက ရှိနိုင်တယ်။ အဲဒီစခန်းထဲမှာ ပြည်သူ့စစ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအင်အား ငါးဆယ်လောက် ရှိတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတိုးချထားတဲ့အခြေအနေရှိတယ်”

အချိန် သုံးနာရီကျော်ကြာ ဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု များပြားပြီး ကာကွယ်ရေး ပူးပေါင်းတပ်ဘက်ကလည်း နှစ်ဦး ထိခိုက်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ စစ်ကူရောက်လာတာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ အဲဒီတိုက်ပွဲမှာ ပါဝင်တဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org