အသင်းအဖွဲ့ ဥပဒေ မူကြမ်း ထဲက ပြစ်ဒဏ် အခန်းကို ပယ်ဖျက်


2013.08.28
parliment-305 လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA/Win Naung Toe & Myint Oo

ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိတဲ့ အသင်းဖွဲ့ဆိုင်ရာ ဥပဒေ မူကြမ်းထဲမှာ ပြစ်ဒဏ်အခန်းကို ဖျက်သိမ်းလိုက်ကြောင်း နဲ့ မှတ်ပုံတင်ကြေးတွေကိုလည်း လျှော့ချလိုက်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင်တွေနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP တို့ တွေ့ဆုံစဉ်  လွှတ်တော်တာဝန်ရှိသူတွေက ပြောပါတယ်။

မနေ့က နေပြည်တော် လွှတ်တော်ဝင်း လွှတ်တော်ရုံးအမှတ် (၂၀)မှာ UNDP အဖွဲ့နဲ့ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုကော်မတီတို့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေမူကြမ်း ကိစ္စရပ်တွေ ဆွေးနွေးခဲ့ရာမှာ လွှတ်တော်ဖက်က ပြင်ဆင်ချက်တွေကို ဆွေးနွေးပြခဲ့တာဖြစ်ကြောင်း အဲဒီကော်မတီ အဖွဲ့ဝင် ဦးအောင်ထွန်းသာက RFA ကိုပြောပါတယ်။

"ပြည်သူ့ရေးရာ စီမံခန့်ခွဲမူ ကော်မတီက တင်ပြထားတဲ့ အသင်းအဖွဲ့ဥပဒေမှာ ဖော်ပြထားတဲ့ အသင်းအဖွဲ့ ဆိုင်ရာ နောက်ဆုံးအဆင့် ဥပဒေမှာ ပြစ်ဒဏ်တွေ အကုန်လုံးကို လျော့ချလိုက်ပြီး၊အရင်တုန်းက အသင်း မှတ်ပုံတင်ထားတဲ့ ရည်ရွယ်ချက်အတိုင်း မလုပ်ဘူးဆိုရင် အသင်းကိုလည်း ဖျက်သိမ်းမယ်။နောက်ထပ်လည်း အသင်းအဖွဲ့ ထူထောင်ခွင့် မပြုဘူး။အခုကျတော့ မှတ်ပုံတင်ခွင့်ကို ဖျက်သိမ်းမယ်။ဒါပေမယ့် ပြင်သင့်တာ ပြင်ပြီးရင်တော့ အသင်းထူထောင်လို့ ရပါတယ်။"

အရင်က မူကြမ်းထဲက အခန်း (၈) ဟာ ပြစ်မှုပြစ်ဒဏ် သတ်မှတ်ထားတဲ့ အခန်းဖြစ်ပြီး အဲဒီကိစ္စကို လူမှု အဖွဲ့အစည်း ၁၀၀ ကျော်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သြဂုတ်လ ၁၅ ရက်နေ့က ဆွေးနွေးစဉ် ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြခဲ့တဲ့အတွက် အခုလို ပြစ်ဒဏ်အခန်းကို ဖျက်သိမ်းလိုက်တာလို့ သိရပါတယ်။

ဒါ့အပြင် မှတ်ပုံတင်ကြေးတွေကိုလည်း တပြည်လုံး အတိုင်းအတာနဲ့ လုပ်ဆောင်မယ့် အသင်း အဖွဲ့တွေအတွက် ကျပ်( ၅) သိန်းကနေ ကျပ်(၅)သောင်းအထိ လျှော့ချလိုက်ကြောင်း ၊ ပြည်နယ်တိုင်း ဒေသကြီးနဲ့ မြို့နယ်အဆင့်ပဲ လုပ်ကိုင်ကြမယ့် အသင်းအဖွဲ့တွေ အတွက်ကိုတော့ ကျပ်(၃) သောင်း အထိလျှော့ချလိုက်ကြောင်း အဲဒီဥပဒေမူကြမ်းမှာ ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

အဲဒီဥပဒေမူကြမ်းကို လာမယ့် နိုဝင်ဘာလလောက်မှာ ပြန်လည်ကျင်းပမယ့် ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။

အခုနေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေဟာ သြဂုတ်လ ၃၀ ၇က်နေ့မှာ ရပ်နားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။