လားရှိုးတိုက်ပွဲ တစ်လကျော်အတွင်း အရပ်သား ၁၃၀ ကျော် သေဆုံး

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် တစ်လကျော်အတွင်း အရပ်သား ၁၃၃ ဦး သေဆုံးတယ်လို့ (TNLA) က ထုတ်ပြန်ပါတယ်။

လားရှိုးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အအုံအချို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က TNLA ထုတ်ပြန်ထားစဥ်။ TNLA

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် တစ်လကျော်အတွင်း အရပ်သား ၁၃၃ ဦး သေဆုံးတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒါဟာ တိုက်ပွဲကာလ ၃၆ ရက်အတွင်း သေဆုံးခဲ့ကြတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၁၇၀ ဦးနဲ့ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံအပါအဝင် နေအိမ် ၁၀၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ပြောပါတယ်။

ဒီ့အပြင် ဇူလိုင်လ ၂၉ ရက်နေ့ကလည်း အမှတ် (၇) ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံငါးဦးနဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ အမှတ် (၉) ရပ်ကွက်က နေအိမ် ၁၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လားရှိုးမြို့မှာ လူမှုကူညီရေး လုပ်နေသူတစ်ဦးကတော့ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ အရပ်သားတွေရဲ့ အလောင်းတွေကို မကောက်နိုင်သေးဘူးလို့ RFAကို ပြောပါတယ်။

“ဘယ်ကောက်နိုင်မလဲ။ ကျွန်တော်တို့ ပရဟိတအဖွဲ့တွေတောင် ကျည်ဆန်မှန်တဲ့သူ ရှိတယ်။ အခြေအနေက အဆင်ပြေသလို လုပ်နေရတဲ့ပုံစံပဲ။ တချို့တွေလည်း သတင်းရတာ အလောင်းတွေ
မသင်္ဂြိုဟ်နိုင်သေးလို့ အခြေအနေဆိုးနေပြီလို့ ကြားတယ်”

လားရှိုးမြို့တွင်းမှာ တအာင်းတပ် (TNLA) နဲ့ တခြားပူးပေါင်းတပ်တွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်လုပ်နေတယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ကိုးကန့်တပ် (MNDAA) ကလည်း လားရှိုးမြို့ရဲ့ နေရာအများစုကို သိမ်းပိုက်ထားနိုင်ကြောင်း ရုပ်သံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်ခံရတာ မရှိသေးကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org