လားရှိုးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦးသေဆုံးကြောင်း TNLA ထုတ်ပြန်

လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ လက်နက်ကြီးထိမှန်သေဆုံးခဲ့သူကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် လားရှိုးဆေးရုံသို့ ပို့ဆောင်စဉ်။ Facebook/ ပေးသောလက် Photo

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ပါတယ်။

လားရှိုးမြို့က စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇူလိုင် ၂၅ ရက်က ကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ လာရောက်တိုက်ခိုက်တာလို့လည်း TNLA က ဆိုပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် သုံးဦးသေဆုံးခဲ့ရပြီး ရပ်ကွက် (၇)၊ ရပ်ကွက်(၁)နဲ့ ရပ်ကွက်(၁၂) တို့မှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အရပ်သားရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပေးမဲ့သူ မရှိဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ လားရှိုးမြို့ရဲ့ အဓိကကျတဲ့နေရာတွေကို MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားပြီး ရပ်ကွက် အမှတ် (၄)၊ (၅)နဲ့ (၉) အပါအဝင် (၁၁) ရပ်ကွက်နဲ့ (၁၂) ရပ်ကွက်တွေမှာ ဖြန့်ကျက်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်တဲ့ တစ်လအတွင်းမှာပဲ လားရှိုးမြို့နယ်ထဲမှာ လေကြောင်းနဲ့ လက်နက်ကြီး ကြောင့် ကလေးငါးဦး အပါအဝင် အရပ်သား ၃၈ ဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org