ဆီဆိုင်မြို့မှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကျန်ကြောင့် ဒေသခံတွေ ထိခိုက်မှုများလာ
စစ်ကောင်စီတပ်နဲ့ (PNLA) တပ်ဖွဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ ဒီရက်ပိုင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် သေဆုံးထိခိုက်မှုတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-05-07 -
-
-
စစ်ကောင်စီတပ်နဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ ဒီရက်ပိုင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် သေဆုံးထိခိုက်မှုတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့က ဆီဆိုင်မြို့ မြကန်သာရပ်ကွက်မှာ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် သေဆုံးခဲ့ပြီး မေလ ၅ ရက်နေ့မှာလည်း နေရပ်ပြန်လာတဲ့ အမျိုးသမီးနှစ်ဦး အိမ်ရှေ့ ရေမြောင်းသန့်ရှင်းရေးလုပ်ရင်း မိုင်းထိတာကြောင့် ဒဏ်ရာရခဲ့ပါတယ်။
မြကန်သာရပ်ကွက်ဟာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် ထိခိုက်သူ အများဆုံးပဲလို့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြကန်သာရပ်ကွက်က အဖြစ်အများဆုံးပဲ။ အဲဒီမှာက တောလည်းထူတယ်။ ပြီးတော့ တိုက်ပွဲဖြစ်တုန်းက ဆုတ်လမ်း၊ တက်လမ်းဖြစ်တော့ မိုင်းတွေ ထောင်ခဲ့တာတွေ ရှိတယ်။ နောက်ပြီး ကျန်နေတဲ့စစ်လက်နက် အကြွင်းအကျန်တွေလည်း အများကြီးပဲ”
လူအသွားအလာများတဲ့ ပန်းခြံလျှောက်လမ်း၊ ဌာနဆိုင်ရာ အဆောက်အအုံတွေနဲ့ လူနေရပ်ကွက်တွေမှာလည်း မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေ အများကြီးရှိနေတယ်လို့ ဆီဆိုင်မြို့ခံ နောက်တစ်ဦးက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က ဆီဆိုင်မြို့ပေါ်ကို PNLA တပ်ဖွဲ့သိမ်းပိုက်ခဲ့ပြီး မတ်လကုန်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။
လက်ရှိအချိန်အထိ ဆီဆိုင်မြို့ပေါ်ကို စစ်ကောင်စီတပ်နဲ့ PNA ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားပြီး မြို့ပေါ်မှာ တိုက်ပွဲတွေ ငြိမ်နေတာကြောင့် အခုလဆန်းပိုင်းကစပြီး ဒေသခံတွေ နေရပ်ကို ပြန်နေကြတာပါ။
ဆီဆိုင်မှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် ဒေသခံတွေ ထိခိုက်နေတဲ့အပေါ် စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ပအိုဝ်းလူငယ် အစည်းအရုံး (PYO) ပြောခွင့်ရသူ နန်းကတော့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ဟုံပုံးနဲ့ ညောင်ရွှေမြို့နယ်တွေမှာ တိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းကြောင့် တစ်ဦးသေဆုံးခဲ့ရပြီး ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ၁၁ ဦး ထိခိုက်ခဲ့ရတယ်လို့ ဖြေဆိုထားပါတယ်။