ရှမ်းမြောက်မှာ တစ်လအတွင်း မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦးသေ၊ ၂၂ ဦးဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်ရှစ်ခုမှာ အခုနှစ် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့ပါတယ်။
-
RFA Burmese
2024-02-01 -
-
-
ဒေသအတွင်း လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အပေါ်အခြေခံပြီး RFA ကပြုစုထားတဲ့ အချက်အလက်တွေအရ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်ရှစ်ခုမှာ အခုနှစ် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့ပါတယ်။ ဒဏ်ရာရသူအများစုက ခြေလက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရပါတယ်။
ဇန်နဝါရီ ၃၀ ရက်နေ့မှာ နမ္မတူမြို့နယ် ခိုဖိတ်ရွာက အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဝါးခုတ်သွားရင်း မြေမြှုပ်မိုင်းနင်းမိလို့ လားရှိုးဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဒဏ်ရာရသူကို ဆေးရုံပို့ဆောင်တာမှာ ပါဝင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။
“သူက ဝါးခုတ်ဖို့ဆိုပြီးသွားတာ ရွာထိပ်မှာတင် ဖြစ်တာဗျ။ ခြေထောက်တစ်ဖက်တော့ ပြတ်ထွက်သွားတယ်။ အဲဒါ လားရှိုးကိုပို့လိုက်ရတယ်”
မူဆယ်မြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ဇန်နဝါရီ ၂၉ ရက်နေ့က တောထဲ ထင်းသွားခုတ်တဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဘက် ဖြတ်လိုက်ရတယ်လို့ မူဆယ်မြို့ခံဒေသခံတစ်ဦးက ပြောပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဇန်နဝါရီလ ၂ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်လအတွင်း ရှမ်းမြောက်ဒေသ နမ့်ခမ်းမြို့မှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မူဆယ်၊ မန်တုံ၊ နမ္မတူနဲ့ ကိုးကန့်ဒေသအတွင်းမှာ မိုင်းကြောင့် အမျိုးသမီးငါးဦးနဲ့ အမျိုးသား ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ မူဆယ်မြို့နယ်က ခြောက်ဦး၊ လားရှိုးမြို့နယ်က ငါးဦး၊ သီပေါမြို့နယ်က ငါးဦး၊ ကိုးကန့်ဒေသက သုံးဦး၊ နမ်ဆန်၊နမ္မတူ၊ မန်တုံမြို့နယ်တွေက တစ်ဦးစီ ပါဝင်တာကို တွေ့ရပါတယ်။
မိုင်းကြောင့် ထိခိုက် ဒဏ်ရာရသူတွေဟာ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေနဲ့ စစ်ရေးတင်းမာခဲ့တဲ့နေရာတွေမှာ အများဆုံးဖြစ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
အခုလိုအရပ်သားတွေ မိုင်းနင်းမိတဲ့အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကကော မြောက်ပိုင်းညီနောင်သုံးဖွဲ့ဘက်ကပါ သတင်းထုတ်ပြန်တာမျိုးမတွေ့ရပါဘူး။
မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine & Cluster Munition Monitor)ရဲ့ ၂၀၂၃ ဒီဇင်ဘာလ ၂၈ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ကြုံနေရတာဖြစ်ပြီး အဲဒီအရေအတွက်ဟာ ၂၀၂၀ ခုနှစ်ကထက် ၆၈ မြို့နယ် ထပ်တိုးလာတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။