လိုင်ဇာကို လက်နက်ကြီးကျ
2017.12.25

ကေအိုင်အေ ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ အမှတ်(၁) ရပ်ကွက်အတွင်းကို မနေ့က အစိုးရ တပ်မတော်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် လေးလုံးကျ ခဲ့တာကြောင့် ဒေသခံကျောင်းဆရာမ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူ က ဒီနေ့ ပြောပါတယ်။
တပ်မတော်ဘက်က လိုင်ဇာကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိပေမယ့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေ မရှိဘူးလို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
"မနေ့က ၉ နာရီလောက်အချိန်မှာ လိုင်ဇာရပ်ကွက် ၁ ကို လက်နက်ကြီး လေးလုံးလောက်ကျပါတယ်၊ ကျောင်းဆရာမတစ်ယောက် နည်းနည်းထိခိုက်တာရှိပါတယ်၊ တုံ့ပြန်တိုက်ပွဲတွေတော့ မရှိပါဘူး၊ တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်တာပဲရှိပါတယ်"
လိုင်ဇာတဝိုက်က ခါရာတောင်မှာ တပ်မတော်တပ်စခန်းတွေရှိပြီး အဲဒီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတာလို့ ဒုတိယဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
ဒါ့အပြင် လတ်တလော မန်စီမြို့နယ်အတွင်းမှာလည်း တပ်မတော် တပ်ရင်း ၂၇ ၊ ၂၂နဲ့ ကေအိုင်အေ တို့ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။