ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ကြံစည်မှု နယူးယောက်တရားရုံး အမိန့်ချ
2023.07.24

နယူးယောက်မြို့မှာနေထိုင်တဲ့ ကိုဖြိုးဟိန်းထွဋ်ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒဏ်ရာအနာတရဖြစ်အောင်၊ အသက်အန္တရာယ်ဖြစ်အောင် လုပ်ကြံဖို့ ကြံစည်ရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တဲ့အတွက် ပြစ်မှုကျူးလွန်ခဲ့တာ ထင်ရှားကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ တောင်ပိုင်းခရိုင်တရားရုံးက အမိန့်ချလိုက်ပါတယ်။
ကိုဖြိုးဟိန်းထွဋ်ဟာ နယူးယောက်မြို့မှာရှိတဲ့ သံအမတ်ကြီးရဲ့ ရုံးအဖွဲ့လုံခြုံရေး စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သံအမတ်ကြီးနဲ့ ရုံးဝန်ထမ်းတွေရဲ့ ရုံးတွင်း သတင်းအချက်အလက်တွေကို ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတစ်ဦးဆီ ပေးပို့ခဲ့တဲ့အပြင်၊ နောက်ဆုံးမှာ သံအမတ်ကြီးကို ရာထူးကနေ နုတ်ထွက်သွားတဲ့အထိ ထိခိုက်အနာတရဖြစ်အောင်လုပ်ဖို့ လုပ်ကြံသူတွေကို ငှားရမ်းဆောင်ရွက်ဖို့အတွက် ဒီလက်နက်ပွဲစားဆီက ငွေကြေးတွေ လက်ခံရယူခဲ့တာ ထင်ရှားတယ်လို့ ဇူလိုင်လ ၂၄ ရက် ဒီကနေ့ညနေပိုင်း တရားရုံးကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကိုဖြိုးဟိန်းထွဋ်ဟာ သံအမတ်ကြီးကို အကာအကွယ်ပေးရမယ့်အစား သံအမတ်ကြီးကို လုပ်ကြံတိုက်ခိုက်ဖို့ သတင်းအချက်လက်တွေကို လက်နက်ပွဲစားဆီပေးပို့ပြီး သစ္စာဖောက်ခဲ့ကြောင်း၊ ဒီလုပ်ရပ်တွေအတွက် သူ့ကို အရေးယူအပြစ်ပေးသင့်ကြောင်း အမှုကြားနာတဲ့ ဂျူရီအဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်လို့ နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးက အစိုးရရှေ့နေ Damian Williams က ပြောပါတယ်။
ရှစ်ရက်ကြာ အမှုစစ်ဆေးပြီးနောက် ဒီလိုအမိန့်ချမှတ်ခဲ့ပြီး ၂ဝ၂၄ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ တရားသူကြီးက အမိန့်ချမယ်လို့ အပြီးသတ်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ဥပဒေအရ နိုင်ငံခြားသံတမန် အရာရှိတစ်ဦးကို တိုက်ခိုက်ဖို့ ကြံစည်ရာမှာပါဝင်ကြောင်း ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ နယူးယောက်မြို့မှာနေတဲ့ အသက် ၂၈ နှစ်အရွယ် ကိုဖြိုးဟိန်းထွဋ်နဲ့ အသက် ၂၀ အရွယ် ကိုရဲဟိန်းဇော်တို့ နှစ်ဦးကို ၂ဝ၂၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) က ဖမ်းဆီးခဲ့တာပါ။
သူတို့နှစ်ဦးဟာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာစစ်တပ် လက်နက်ပွဲစားနဲ့ ချိတ်ဆက်ကာ ကြေးစားလူမိုက်တွေ ငှားပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့နဲ့၊ အဲဒီလို တိုက်ခိုက်လို့မှ ဦးကျော်မိုးထွန်း တာဝန်ကနေ နုတ်ထွက်မသွားသေးရင် သတ်ပစ်ဖို့ သဘောတူခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီလိုလုပ်ဖို့ စရန်ငွေ ဒေါ်လာလေးထောင် ရယူခဲ့ပြီး "အပြတ်ရှင်း" မယ်ဆိုရင် ကြေးစားလူမိုက်တွေကို နောက်ထပ် ဒေါ်လာတစ်ထောင် ပေးဖို့ သဘောတူခဲ့တယ်လို့ တရားရုံးရဲ့ အစောပိုင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီအမှုမှာပါတဲ့ နောက်ထပ်တရားခံတစ်ယောက်ဖြစ်တဲ့ ကိုရဲဟိန်းဇော်ကတော့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး တရားရုံးက အမှုစစ်ဆေးပြီးတာနဲ့ ချက်ချင်း ပြည်နှင်ဒဏ်ပေးဖို့ ၂ဝ၂၂ မေလက အမိန့်ချမှတ်ထားတဲ့အတွက် မြန်မာနိုင်ငံကို ပြည်နှင်ဒဏ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။
တရားရုံးအမိန့်နဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ဦးကျော်မိုးထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဒီအမှုရဲ့နောက်ကွယ်မှာ အာဏာသိမ်း မြန်မာစစ်တပ် ပါဝင်ပတ်သက်နေတယ်လို့ လူတချို့က ယူဆပေမယ့် RFA က အတည်ပြုနိုင်ခြင်း မရှိသေးသလို မြန်မာစစ်တပ် ပြောရေးဆိုခွင့် ရှိသူကို မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။