ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ် အလယ်ကျွန်းရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရဟန်းတစ်ပါးအပါအဝင် လေးဦးသေဆုံးပြီး နောက်ထပ် ခြောက်ဦး ဒဏ်ရာရထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် ဘုန်းကြီးကျောင်း အဆောက်အအုံအား ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့က တွေ့ရစဥ်။ Arakan Princess Media

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အလယ်ကျွန်းရွာကို စစ်ကောင်စီတပ်က မေလ ၆ ရက် ဒီနေ့မနက်ပိုင်းမှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရဟန်းတစ်ပါးအပါအဝင် လေးဦးသေဆုံးပြီး နောက်ထပ် ခြောက်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးနှစ်လုံး ကြဲချတာမှာ ရွာထဲနဲ့ ဘုန်းတော်ကြီးကျောင်းဝင်းတွေထဲကို ကျရောက်ပေါက်ကွဲတာကြောင့် ရဟန်းတစ်ပါး၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့ သေဆုံးခဲ့တာလို့ အလယ်ကျွန်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရဟန်းတစ်ပါးနဲ့ ရွာသားသုံးယောက်က ပွဲချင်းပြီးသေသွားတယ်။ ဒဏ်ရာရတာက ခြောက်ယောက်ရှိတယ်။ တစ်ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ မနက်က ဂျက်လေယာဥ်နဲ့ နှစ်ခေါက်လာပြီး ဗုံးနှစ်လုံး ကြဲသွားတာ။ တစ်လုံးက ရွာထဲကို ကျတယ်။ နောက်တစ်လုံးက ဘုန်းကြီးကျောင်းကို ကျတယ်။ တိုက်ပွဲလည်း မရှိပါဘူး။ အကြောင်းမဲ့ ဗုံးလာကြဲသွားတာ”

ဗုံးကြဲခံရမှုကြောင့် နေအိမ် လေးလုံး၊ ဘုန်းတော်ကြီးကျောင်းနဲ့ ဓမ္မာရုံအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဇန်နဝါရီလ ၃ ရက်နေ့ကလည်း အလယ်ကျွန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လနီးပါးအတွင်း လေကြောင်း၊ လက်နက်ကြီး၊ လက်ငယ်နဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့အရပ်သား နှစ်ရာကျော်နဲ့ ဒဏ်ရာရသူ ခြောက်ရာနီးပါးအထိ ရှိလာပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org