တောင်းဆိုသူများတာကြောင့် အိမ်ကို ဖြိုချဖျက်ဆီး
2017.07.28
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့မှာ မနေ့ညက အိမ်တအိမ်ကို ဖြိုချဖျက်ဆီးပေးဖို့ တောင်းဆိုလာ သူတွေ များလာတဲ့အတွက် ဖြိုချဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌက ပြောပါတယ်။
အဲဒီအိမ်ဟာ မြို့နယ်စည်ပင်သာယာအဖွဲ့ဆီ ဆောက်လုပ်ခွင့် လာရောက်လျှောက်ထားတာမျိုးလည်း မရှိသလို ဖြိုချဖို့တောင်းဆိုလာတဲ့လူထုက ပိုများလာတဲ့အတွက် မနေ့ညပိုင်းက ဖျက်ဆီးလိုက်ရတယ်လို့ ကျောက်ပန်းတောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဥက္ကဌ ဦးဖြိုးတင့်ခိုင်က ပြောပါတယ်။
"အဲဒီအဆောက်အဦးအတွက်ကတော့ ကျွန်တော်တို့ဆီမှာ ဆောက်လုပ်ခွင့် လုံးဝတင်မထားပါဘူး ဖြိုဖျက်ပြီးတဲ့အနေအထားလည်း ဖြစ်သွားတာပေါ့နော်၊ မြို့နေပြည်သူတွေကနေ သံသယရှိတဲ့ အဆောက်အဦးဖြစ်တယ်ဆိုပြီးတော့ ဖြစ်တာကိုး၊ မြို့နယ်အဆင့်ကလည်းတားတယ်၊ ခရိုင်အဆင့် ကလည်းတားတယ် ဆရာတော်တွေကလည်း တားတယ်၊ တားတာကို လူထုကတအားများလာ တာပေါ့နော်၊ ဖျက်ကိုဖျက်ပေးမှ ဆိုတဲ့အတိုင်းအတာမျိုးဖြစ်တော့ အဆင့်ဆင့်ကို တင်ပြဆွေးနွေး ဆုံးဖြတ်ပြီးမှ ဖျက်ခဲ့တာပေါ့ဗျာ"
ကျောက်ပန်းတောင်းမြို့နယ် သာယာအေးရပ်ကွက် ကျန်စစ်သားလမ်းပေါ်မှာ ပြီးခဲ့တဲ့တစ်လလောက်အလို က ဆောက်လုပ်တာဖြစ်ပြီး ဗလီကျောင်းဆောက်လုပ်နေတယ်ဆိုပြီး မြို့ခံတွေအပါအဝင် လူအတော်များများက သံသယနဲ့စွပ်စွဲပြီး ဖျက်ခိုင်းကြတာဖြစ်ပါတယ်။
လတ်တလောအနေအထားအရ ပိုင်ရှင်ဖြစ်သူကိုယ်တိုင်ကလည်း လာရောက်ရှင်းလင်းတာမျိုးလည်း မရှိသေးတဲ့ အတွက် စောင့်ကြည့်နေရတဲ့အနေအထားဖြစ်တယ်လို့ ပြောပါတယ်။
အဆောက်အဦးပိုင်ရှင်ဖြစ်သူဟာ အဲဒီနေရာမှာ နေထိုင်သူမဟုတ်ဘဲ မြေပိုင်ရှင်ဆိုတဲ့ အထောက်အထားကိုလည်း စိစစ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။