ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို ထိန်းချုပ်လိုက်ကြောင်း TNLA ပြော

RFA Burmese
2024.01.01
ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို ထိန်းချုပ်လိုက်ကြောင်း TNLA ပြော ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့တွင်း လက်နက်ကြီးထိမှန်မှုကြောင့် မီးလောင်ပျက်စီးနေသည့် နေအိမ်အချို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ကို ဒီဇင်ဘာ ၃၁ ရက် မနေ့ည ၁၂ နာရီဝန်းကျင်မှာ ထိန်းချုပ်ထားနိုင်ပြီလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က RFA ကို အတည်ပြု ပြောပါတယ်။

မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်နဲ့ (TNLA) တို့ ဒီဇင်ဘာ ၂၉ ရက်ကစ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တိုက်ပွဲပိုပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အပြင်းအထန်လုပ်ပြီးနောက် ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ မြို့ကနေ ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

မနေ့ညပိုင်း သန်းခေါင်ယံအချိန်မှာတော့ (TNLA) က မိုင်းငေါ့မြို့ကို အပြီးသတ်ဝင်ရောက် ရှင်းလင်းပြီး သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာလို့ (TNLA) ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက RFA ကို ပြောပါတယ်။

“မိုင်းငေါ့ကတော့ ကျွန်မတို့က မနေ့ည ၁၂ နာရီဝန်းကျင်မှာ ဝင်ရောက်ပြီးတော့မှ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်။ မနေ့ကတော့ တိုက်ပွဲတစ်နေကုန် ပြင်းထန်စွာ ဖြစ်ပွားပြီးတော့မှာပေါ့နော် သူတို့ (စစ်ကောင်စီ) ဘက်က ဂျက်လေယာဉ်၊ ရဟတ်ယာဉ်ရော လေကြောင်းလိုင်းကို သုံးပြီးတော့မှ ပစ်ခတ်တာမျိုးရှိတယ်။ ညနေစောင်းရောက်တော့ သူတို့ဘက် ပြန်ဆုတ်ခွာသွားတာမျိုးရှိတယ်။ ဒီနေ့ မနက်ပိုင်းအထိတော့ သူတို့လေယာဉ်နဲ့ လာကြဲတာမျိုး တွေရှိတယ်”

ဒီနေ့မနက်ပိုင်းမှာ မိုင်းငေါ့မြို့ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် ခုနစ်မိုင်ခန့်ဝေးတဲ့ ကျောက်မဲမြို့ကနေ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာရှိတယ်လို့ ဆိုပါတယ်။

မိုင်းငေါ့မြို့ရဲ့ သုံးရက်တာတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သလို ဘာသာရေးအဆောက်အအုံနဲ့ ဘုရားကျောင်းကန်အချို့ ပျက်စီးခဲ့တယ်လို့ (TNLA) ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် လူနေအိမ် ၁၄ လုံး လက်နက်ကြီးထိမှန်ခဲ့သလို အိမ်ငါးလုံးလည်း မီးလောင်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ (TNLA) ဘက်က ထိခိုက်သေဆုံးမှုတွေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ (TNLA) ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက ပြောပါတယ်။

မိုင်းငေါ့မြို့ဟာ ကျောက်မဲမြို့နယ်ရဲ့ မြို့နယ်ခွဲအဆင့် မြို့တစ်မြို့ဖြစ်ပြီး ၂၀၁၄ သန်းခေါင် စာရင်းအရ မြို့ပေါ်မှာ အိမ်ခြေ ခြောက်ရာကျော်နဲ့ လူဦးရေ ၂၄၀၀ ကျော် ရှိပါတယ်။

တိုက်ပွဲကြောင့် မြို့ပေါ်က ထွက်ပြေးတိမ်းရှောင်သူ အများစုရှိနေပေမယ့် တိုက်ပွဲအခြေ အနေကြောင့် အရေအတွက်အတိအကျ မသိနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းငေါ့မြို့အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

(TNLA) အနေနဲ့ စစ်ဆင်ရေး နှစ်လကျော်ကာလအတွင်း ကျောက်မဲမြို့နယ်ထဲက မိုင်းငေါ့မြို့အပါအဝင် မိုင်းလုံ၊ နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံစတဲ့ ခြောက်မြို့ကို ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။