ကျောက်ကြီးမှာ မိုင်းပေါက်ကွဲလို့ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ကျောက်ကြီးမြို့နယ်၊ သာစည်ရွာအနီးမှာ မတ်လ ၃ ရက် ညနေပိုင်းက မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ကျောက်ကြီးမြို့အဝင် တစ်နေရာအား တွေ့ရစဉ်။ Citizen Journalist

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ သာစည်ရွာအနီးမှာ မတ်လ ၃ ရက် ညနေပိုင်းက မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် တစ်ဦးသေဆုံးကာ၊ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာစည်ရွာ အရှေ့ဘက် ခြောက်ဖာလုံအကွာက ယောချောင်းအနီးမှာ ပေါက်ကွဲခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် မောင်နေသူမင်း (ခ) မင်းမင်း နေရာမှာတင် သေဆုံးခဲ့ပြီး၊ အသက် ၅၀ ကျော်အရွယ် ဦးညိုလုံးကတော့ ရင်ဘတ်နဲ့ ခြေသလုံးမှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မိုင်းကတော့ နင်းမိုင်းပေါက်တာ၊ ပေါက်ကွဲမှုက အရှိန်တော်တော်ပြင်းသလို၊ အသံလည်း ကျယ်တယ်။ ကလေးကတော့ ညနေဘက်ဆိုတော့ ကျောင်းထားတဲ့ နွားကို သိမ်းရင်း နင်းမိတာ၊ အနီးအနားက ရှိတဲ့လူပါ စင်ပြီးထိတာပေါ့"

နှစ်ဦးစလုံးကို ပဲခူးပြည်သူ့ဆေးရုံကြီးကို မတ်လ ၄ရက်နေ့ ည ၇ နာရီကတည်းက ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒီမိုင်းကို ဘယ်အဖွဲ့အစည်းက ထောင်ထားတယ်ဆိုတာ မသိရသေးပါဘူး။ ရွာအနီးပတ်ဝန်းကျင်မှာ မိုင်းထောင်တာတွေအတွက် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ် သြဂုတ်လကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၁၈ ဦး သေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org