ဦးကိုနီနဲ့ ဦးနေဝင်း ကွယ်လွန်ခြင်း တစ်လပြည့်အထိမ်းအမှတ်
2017.02.27

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ ကွယ်လွန်တဲ့ တစ်လပြည့် အထိမ်းအမှတ်နဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေး အခမ်းအနားကို ရန်ကုန် လေဆိပ်မှာ ဒီနေ့ညနေက ကျင်းပခဲ့ပါတယ်။
အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ပြည်သူတွေက လုံးဝလက်မခံကြောင်း ပြသတဲ့အနေနဲ့ ကျင်းပတာဖြစ် တယ်လို့ အကြမ်းဖက်မှုဆန့်ကျင်ရေး အခမ်းအနားဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ က ပြောပါတယ်။
"လက်နက်ကိုင်တပ်ဖွဲ့တွေ အများကြီးရှိတယ်၊ တိုက်ပွဲတွေရှိပေမယ့် အပြန်အလှန် လုပ်ကြံသတ်ဖြတ်မှုဆိုတာ မရှိဘူး၊ ဒီလုပ်ကြံမှုဟာ ရှားရှားပါးပါးပေါ်လာတဲ့ လုပ်ကြံသတ်ဖြတ်မှုတစ်ခုဖြစ်ပါတယ်၊ ဒီလိုချောင်းမြောင်း လုပ်ကြံသတ်ဖြတ်မှုတွေဟာ နောက်နောင်ပြည်သူလူထုက ဘယ်တော့မှခွင့်ပြုမှာ မဟုတ်ဘူးဆိုတဲ့ ပြည်သူလူထု ရဲ့ ဆန္ဒကို ပြသတာလည်းဖြစ်ပါတယ်"
အခမ်းအနားမှာ ဦးကိုနီနဲ့ ဦးနေဝင်း တို့ သေဆုံးသွားတဲ့ နေရာတွေမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ နှင်းဆီပန်းတွေ ချခဲ့ကြပါတယ်။
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ နိုင်ငံရေးပါတီတွေ၊ ဘာသာပေါင်းစုံ က ခေါင်းဆောင်တွေ၊ ဦးကိုနီ နဲ့ ဦးနေဝင်း မိသားစုဝင်တွေ၊ လေဆိပ် အငှားယာဉ်မောင်းတွေ တက်ရောက် ခဲ့ပါတယ်။